Sunday, June 07, 2009

အနှစ်နှစ်ဆယ်ကျော် ကြာသောခါဝယ်...

ချောမွတ်ပြီး ကွေ့ကောက်သော၊ အရိပ်ကောင်းသော ကားလမ်းမတစ်ခုပေါ်မှာ ကားလေးက တရိပ်ရိပ်ပြေးလွှားနေသည်။ ကားလမ်းဘေးက ကျယ်ပြန့်သော ရေပြင်ကျယ်ကြီးနှင့် လမ်းတစ်ဘက်တစ်ချက်က ကြီးမားစိမ်းစိုသော သစ်ပင်များကို ကျမ ငေးကြည့်နေမိသည်။ ကားလေးက ဂိတ်ဝတစ်ခုကိုကျော်ဖြတ်ပြီး တက္ကသိုလ်ကျောင်းဝင်းကြီးတစ်ခုထဲသို့ ရောက်လာသည်။ ပထမဦးစွာမြင်လိုက်ရသည်က ကြီးမားပြီးခမ်းနားသော အဆောက်အဦးကြီးတစ်ခု။ သစ်လွင်သောဆေးများသုတ်ထား၍ ပိုပြီးထည်ဝါနေသည်။ အဆောက်အဦးကြီးရှေ့မှာတော့ နှင်းဆီနီ၊ ၀ါ၊ ဖြူ၊ ပန်းရောင်၊ လိမ္မော်ရောင် စသဖြင့် ရောင်စုံနှင်းဆီဥယျာဉ်ကြီး။ ဥယျာဉ်ကြီး၏အလယ်မှာတော့ ကျောက်ဖြူဖြင့် ထုဆစ်ထားသော၊ ပွင့်နေသောစာအုပ်ကြီးတစ်အုပ်။ ထိုစာအုပ်ထဲမှ ရေပန်းများက လှပစွာဖျာထွက်နေသည်။ ဥယျာဉ်ကြီးတစ်ဝိုက်မြက်ခင်းပြင်ပေါ်မှာ ကျောင်းသူ၊ ကျောင်းသားများ စာဖတ်သူဖတ်၊ အုပ်စုလိုက်ထိုင်ပြီး ငြိမ်သက်စွာ စကားပြောသူပြောဖြင့် စည်ကားနေသည်။ အဆောက်အဦးကြီးဘေးမှဖြတ်ပြီး သစ်ပင်စိမ်းများ စနစ်တကျတန်းစီစိုက်ထားသော လမ်းမအတိုင်း ကားကို ဖြေးညှင်းစွားမောင်းလာကြသည်။ ကျောင်းလမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ကမ္ဘာပေါ်တွင်ကျော်ကြားလှသော ဤတက္ကသိုလ်ကြီး၏ စာကြည့်တိုက်များ၊ ပြတိုက်များက၊ သုတေသနအဆောက်အဦးများက ခန့်ထည်စွာ တည်ရှိနေကြသည်။


"Wow!"

ကားနောက်ခန်းမှာ တစ်လမ်းလုံး ငြိမ်သက်စွာပါလာသော အငယ်ဆုံးသားဆီမှ အသံတစ်ချက်ထွက်လာသည်။


"သား.. ဒီတက္ကသိုလ်ကြီးကို သဘောကျနေပြီမဟုတ်လား"

သားထံမှာ ရယ်သံ ခပ်တိုးတိုး ထွက်လာသည်။

"သား... ဒီကျောင်းကို မင်းအကိုနဲ့အစ်မလို ၀င်နိုင်အောင်ကြိုးစားပါသားရယ်။ ဒီတက္ကသိုလ်က ကမ္ဘာပေါ်မှာအကောင်းဆုံးနံပါတ်ချိတ်ထားတာ သုံးနှစ်ဆက်တိုက်ရှိနေပြီ။ နောက်ပြီး နှစ်ပေါင်းများစွာ အစဉ်အလာရှိတဲ့တက္ကသိုလ်။ ဒီကျောင်းကဘွဲ့ရသွားတဲ့သူတွေဆိုရင် ကမ္ဘာပေါ်မှာဘယ်နိုင်ငံသွားသွား လက်မထောင်နိုင်ပြီသားရဲ့၊ ပညာရေးပိုင်း၊ အတွေးအခေါ်ပိုင်း၊ လှုမှုဆက်ဆံရေးအပိုင်း၊ ကျမ်းမာရေး၊ တီထွင်ကြံဆနိုင်မှု ဘယ်ထောင့်ကကြည့်ကြည့် ဒီကျောင်းထွက်တွေဆို လူသားတွေကိုအကျိုးပြုနိုင်ကြတာချည်းပဲ။ နိုင်ငံအနှံ့က တော်ပေ့၊ တတ်ပေ့ ကျောင်းသားကျောင်းသူတွေ ဒီကျောင်းဝင်ဖို့ကို နှစ်ရှည်လများ ကြိုးစားနေကြတာ။ သားလဲကြိုးစားပါသားရယ်"


"It's quite competitive to get accepted by this university, Mom."


"၀င်ခွင့်ရဖို့တော့ခက်တယ်သား၊ ဒါပေမယ့် ကြိုးစားရင်ဖြစ်ပါတယ်သားရယ်၊ မင်း အကိုနဲ့အမတောင် ၀င်သေးတာပဲ၊ ဒီတိုင်းပြည်က ကျောင်းတွေတော်တော်များများက ကမ္ဘာ့အကောင်းဆုံးတွေထဲမှာ ပါနေတာပဲ။ နောက်ပြီး မင်းကို အမေပြောရတာလဲမောပြီ။ အင်္ဂလိပ်စကားချည်းပဲ ပြောမနေပါနဲ့ဆိုတာ၊ ဗမာလိုလေးလဲပြောပါဦး"



"ကဲ.. အမေ... ဘယ်မှာချိန်းထားတာလဲ"
ကားမောင်းနေသော သူ က သားနှင့် ကျမကို သဘောကျပြီး ပြုံးနေရာက မေးလိုက်သည်။

"တဲနစ်ကွင်း နံပါတ်၁၅ နားက အပန်းဖြေတဲ့နေရာတဲ့၊ ခဏနော်... မြေပုံထုတ်ကြည့်လိုက်ဦးမယ်၊ သူတို့ကျောင်းကြီးက အကြီးကြီး"


သည်လိုနှင့် တဲနစ်ကွင်းနားကအပန်းဖြေဆောင်ရှိရာကို ရောက်လာကြသည်။ ကားလေးကို အရိပ်ကောင်းသောသစ်ပင်တစ်ပင်အောက်တွင် ရပ်လိုက်ပြီး အပန်းဖြေဆောင်အ၀င်ဝဘက်သို့ လျှောက်လာခဲ့ကြသည်။


အပန်းဖြေဆောင်တွင်းသို့ဝင်လိုက်သည်နှင့် ပြောင်လက်တောက်ပသော ကျောက်ပြားများခင်းထားသော ခမ်းမကြီးကိုမြင်လိုက်ရသည်။ ခမ်းမကြီး၏ဧည့်ခန်းလိုနေရာတွင် အရောင်တင်ထား၍ပြောင်လက်တောက်ပနေသော ကြိမ်များဖြင့်ပြုလုပ်ထားသော ခုံများကို မြင်လိုက်ရသည်။ ထိုခုံများပေါ်တွင် ထိုင်ပြီးစကားပြောနေကြသော သားကြီးနှင့်သမီးငယ်က ၀င်လာသောကျမတို့အား မတ်တပ်ရပ်ပြီး ကြိုလိုက်သည်။


"သားတို့ စောင့်ရတာကြာသွားလား"
သူက သားနှင့်သမီးကို မေးလိုက်သည်။

"မကြာသေးပါဘူး ဖေဖေနဲ့မေမေ"

သားကြီးနှင့်သမီးကဖြေပြီး သူတို့ ညီအငယ်ဆုံးကို အရင်ဆုံးဖက်ပြီးနှုတ်ဆက်သည်။ ပြီးတော့ ကျမတို့ကိုဖက်ပြီးနှုတ်ဆက်သည်။ သမီးငယ်က ကျမလက်ကလေးကို ကိုင်ထားသည်။ မျက်ဆံကြီးကြီးမှာ မျက်တောင်ရှည်များဝိုင်းရံထားသော သမီးငယ်၏လှပသောမျက်ဝန်းများကို ကျမ ကြည့်နေမိသည်။


"မေမေ... ဒီအပန်းဖြေဆောင်အောက်ထပ်က ထမင်းဆိုင်မှာ ညစာစားကြမယ်။ ပြီးတော့မှ ကျောင်းကြီးကိုလိုက်ပြမယ်နော်"


"အေးအေး.. သမီးတို့ အဆင်ပြေသလိုလုပ်ပါကွယ်"

သူ၊ သားကြီးနှင့် သားငယ်က ရှေ့မှဦးဆောင်ကာ အပန်းဖြေဆောင်အောက်ထပ်သို့၊ ပြောင်လက်နေသော ကျွန်းများဖြင့်ဆောက်ထားသော လှေကားကျယ်ကြီးအတိုင်း ဆင်းသွားကြသည်။


သမီးနှင့်ကျမက လက်ချင်းတွဲပြီး သူတို့နောက်မှလိုက်ပါသွားသည်။ အောက်ထပ်ရောက်တော့ ကျယ်ဝန်းသောစင်္ကြတလျှောက်မှာ၊ လှပပြီးလင်းထိန်သောမီးပုံးများကို ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။ စင်္ကြတစ်ဖက်တစ်ချက်တွင်လည်း စာအုပ်ဆိုင်များ၊ အကျီ င်္ရောင်းဆိုင်များ၊ အားကစားပစ္စည်းရောင်းဆိုင်များ၊ အစားအသောက်ရောင်းဆိုင်များကို တွေ့ရသည်။


"မေမေ.. ဒီမြေအောက်စင်္ကြက ၂၄နာရီ စည်ကားနေတာမေမေရဲ့။ ဒီစင်္ကြတွေကတဆင့် ဟိုးဘက်တွေက ကောလိပ်တွေအထိ ပေါက်တယ်။ Escalator တွေပေါ်တက်သွားလို့ရသလို၊ ကျောင်းသားတွေတွက်သီးသန့်လုပ်ပေးထားတဲ့ မြေအောက်ရထားတွေကနေ ဟိုးဘက်ကောလိပ်တွေကို သွားလိုက်ရုံပဲ"


စကားတပြောပြောနှင့် စားသောက်ဆိုင်တစ်ခုထဲသို့ ၀င်လိုက်ကြသည်။

စားသောက်ဆိုင်ထဲမှာ မိသားစုဝိုင်းထိုင်ရင်း၊ စားစရာများကိုမှာစားရင်း ရောက်တတ်ရာရာများကို ပြောနေကြသည်။


"နွေကျောင်းပိတ်ရက်တော့ ခဏတော့ ပြန်လာကြဦး၊ အမေ မင်းတို့ကို လွမ်းတယ်"

"လာမှာပါ မေမေ၊ ခုလဲ မေမေနဲ့ဖေဖေတို့ ကနေဒါနဲ့ဒီကို သွားလိုက်ပြန်လိုက်လုပ်နေကြတာပဲမဟုတ်လား"
သားကြီးက ပဲသီးကို ခက်ရင်းနှင့်ထိုးလိုက်ပြီး ပြောလိုက်သည်။

"အဖေကော အမေကော သားကြီးနဲ့ သမီးတွက် ဂုဏ်ယူတယ်။ အဖေတို့ ကနေဒါမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ရကြိုးနပ်တယ်ကွာ၊ ဒါနဲ့ စကားမစပ် အငယ်ဆုံးကို မြန်မာလိုလေးဘာလေးလဲ သင်ဖို့ပြောကြဦး"
ကလေးတွေ အဖေက ရေနွေးကြမ်း တကျိုက်မော့ပြီး ပြောလိုက်သည်။

"သား.. မြန်မာလို ကောင်းကောင်းတတ်ပါတယ်"

သားငယ်က အသံဝဲ၀ဲလေးနှင့် ၀င်ပြောသည်


"ပြောတတ်ရုံနဲ့မဖြစ်ဘူး။ စာမရေးတတ်လို့ မရဘူး"
ကျမ သားငယ်ကို ပြောလိုက်သည်။

"You wanna join us here, baby brother?"

သမီးငယ်က သူ့မောင်လေးကို လှမ်းစလိုက်သည်။ သားငယ်က ပခုံးတွန့်ပြလိုက်သည်။ သားကြီးက သူ့ညီလေးကို ချစ်စနိုးနှင့် ပြုံးကြည့်နေသည်။


ထမင်းစားသောက်ပြီး သားကြီးနှင့်သမီးက သူတို့၏ကျောင်းကြီးအနှံ့လိုက်ပြသည်။ တက္ကသိုလ်ဝင်းတစ်လျောက်လည်း ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည့်နေလေသည်။ နေ၀င်ရီတရော ဆည်းဆာရောင်အောက်မှာ မြက်ခင်းစိမ်းများ၊ လှပသော သစ်ပင်၊ ပန်းပင်များ၊ ကြီးမားခန့်ထည်သော ခေတ်မှီအဆောက်အဦးများအပြင်၊ သည်တိုင်းပြည်မှ အထင်ကလျဗိသုကာပညာရှင်များဖြင့် ရိုးရာမပျက်အောင် ပြန်လည်ပြုပြင်ပြီး တည်ဆောက်ထားသော အဆောက်အဦးဆန်းများက ရင်သပ်ရှုမောဖွယ်။


သားကြီးနှင့်သမီးကို သူတို့အဆောင်တွေသို့ ပြန်ပို့ပေးအပြီး ကျမတို့ ကျောင်းဝင်းထဲမှပြန်လည်ထွက်ခွာလာကြသည်။ အပြန်လမ်းမှာတော့ သားငယ်က သူ့အဖေဘေးရှေ့ခန်းမှာ ထိုင်ပြီးလိုက်ပါလာသည်။ ကျမက ကားနောက်ခန်းမှာ တစ်ယောက်တည်း အတွေးနယ်ချဲ့ပြီး လိုက်ပါလာခဲ့သည်။ သားကြီးနှင့်သမီးငယ်ကို သည်လိုထိပ်ထိပ်ကြဲကျောင်းမှာထားနိုင်သည်ကို ဂုဏ်ယူလို့မဆုံးတော့။ အပြန်လမ်းမှာ ကျောင်းဂိတ်ဝပေါင်းများစွာထဲမှာမှ၊ သည်ပင်မ ဂိတ်ဝကို သူက အမှတ်တယအနေဖြင့် ဖြတ်ပြီးထွက်ဟန်တူသည်။ ကမ္ဘာမှာကျော်ကြားသည့် သည်ကျောင်းကြီး၏အမည်ကို ဂိတ်ပေါ်မှာ ငွေရောင်စာလုံးများဖြင့်ထွင်းထားသည်။ ထိုစာလုံးများကိုလည်း ကျောင်းဂိတ်ဝအောက်ဘက် ပန်းခြံထဲမှရောင်စုံမီးများဖြင့် ပင့်ပြီးထိုးထားသည်။ ကျောင်းကြီး၏အမည်က ရောင်စုံအလင်းတန်းတွေကြားမှာ ထင်ရှားစွာတောက်လက်နေသည်။ ကျမ ကားနောက်ခန်းမှတဆင့် ကျောင်းဂိတ်ပေါက်ဝကို သမင်လည်ပြန်တစ်ချက်လှည့်ကြည့်ပြီး ပီတိလေးများ ပလုံစီထလို့ ပြုံးလိုက်မိသည်။ ကျောင်းဂိတ်ပေါ်က ကျောင်းကြီး၏ အမည်ကတော့....


"ရန်ကုန်တက္ကသိုလ်" ဟူသတည်း။

အမ တန်ခူးတက်ဂ်ထားတာကို ရေးထားခြင်းပါ.... (ညက အိပ်ချင်မူးတူးနဲ့ ထည့်ဖို့ကျန်ခဲ့လို့)

နောက်ပြီး ဒီပိုစ်ကို အတက်ဂ်မခံရသေးသော၊ လာမည့် အနှစ်၂၀ကို ရေးချင်စိတ်ရှိသော.. စာရေးသူ မောင်၊နှမ များအားလုံး ရေးပေးကြပါ… လို့.. အကုန်လုံးကို ဒီတစ်ခါ တက်ဂ်ပါ၏…

hut1.png



Comments from AinChannMyay.com


မလေးးးး
ကောင်းလိုက်တာ အဲလိုဖြစ်ချင်တယ် တကယ့်ကို ဖြစ်ချင်တယ်။
Comment by ခင်မင်းဇော် — June 7, 2009 @ 2:45 am

ဖတ်ပြီးဘာလို့မသိ မျက်ရည်ဝဲမိတယ် တကယ်ဆို ဖတ်ပြီးရယ်မိရမှာ ဘာငိုစရာရှိသလဲ
Comment by မွန် — June 7, 2009 @ 3:02 am

အစ်မရေ ဖတ်ရင်းနဲ့ မြက်ခင်းပေါ်မှာထိုင်နေတဲ့ကျောင်းသားတွေ၊ ခုံတန်းရှည်တွေပေါ်မှာစာကျက်နေကြတဲ့ကျောင်းသူတွေ ကြီးကျယ်ခမ်းနားတဲ့ကျောင်းဆောင်တွေ မျက်စိထဲမြင်လာတယ်..။ အစ်မစာထဲကအတိုင်းတကယ်ဖြစ်စေချင်ပါတယ်..။ အစ်မကသားသမီးတွေကို တော်တော်ပျိုးထောင်ပေးထားတာဘဲ တက္ကသိုလ်တွေတောင် ရောက်ကုန်ပြီ.. =D စတာ..။
Comment by Phyo Evergreen — June 7, 2009 @ 4:27 am

ကောင်းလိုက်တဲ့စိတ်ကူးအစ်မရေ…။ ဖတ်ရင်းမြောသွားတယ်…။ ဘယ် Uni ပါလဲလို့….။ မြေအောက်ရထားကလွဲရင် ကျန်တာတွေက ကျွန်တော်တို့တွေ တစ်ကယ်ဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားကြရင် ဖြစ်နိုင်ပါတယ်..။ မြေအောက်ရထားကတော့ ရန်ကုန်မြေသားအနေအထားနဲ့ မြို့ဖွဲ့စည်းပုံအရ မဖြစ်နိုင်တော့ဘူး..။ :)
Comment by Black Dream — June 7, 2009 @ 5:33 am

မလေးရေ
မနက်စာ စားတာ ထမင်းကြော်စားတယ်နဲ့တူတယ်၊ ထမင်းလုံး ပါးမှာကပ်နေတယ် ခွာပါအုန်းဆို ခွာမှ မခွာတာ၊ ဒါကြောင့် ထမင်းလုံးတစ္ဆေခြောက်တာနေမယ်ဗျ၊ သိလား၊
လေးစား……..လျက်…
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — June 7, 2009 @ 7:06 am

သူငယ်ချင်း…ဘာပြောရမှန်းတောင်မသိတော့ဘူး။ကျောင်းနဲ့ပတ်သက်ရင်ခံစားချက်ပြင်းတယ်။
Comment by Angel Eyes — June 7, 2009 @ 9:19 am

မလေးရေ..
နောင်အနှစ်ဆယ်မှာ သားကြီးရော သမီးရောတောင် တက္ကသိုလ်တက်နေပြီဆိုရင်တော့ အဲဒီ ဇာတ်လိုက်က ခုကတည်းက မွေးထားမှ ရတော့မယ်..ဇာတ်လိုက်က ဘသူလဲတော့ မသိ :D
Comment by မေငြိမ်း — June 7, 2009 @ 9:44 am

မလေးရေ အဲသလို ဖြစ်လာမယ့်နေ့ကို မျှော်လင့်မိပါတယ်။
Comment by ပုံရိပ် — June 7, 2009 @ 1:49 pm

ရန်ကုန်တက္ကသိုလ်ဆိုတဲ့နဲ့ ပြောစရာစကားတွေ ဆွံ့အသွားစေခဲ့ပါတယ်။
Comment by ရွာသားလေးဝိုင်တီယူ — June 7, 2009 @ 6:06 pm

ရန်ကုန်တက္ကသိုလ်ဆိုတာနဲ့ ပြောစရာစကားတွေ ဆွံ့အသွားစေခဲ့ပါတယ်။ အကျွမ်းမှ မ၀င်ပဲလေ
Comment by ရွာသားလေးဝိုင်တီယူ — June 7, 2009 @ 6:08 pm

တကယ်ကို တမ်းတလွမ်းမောသွားပါတယ် အိမ့်ရေ…
အိမ့်ပုံဖော်ထားတာ ကောင်းလွန်းလို့  တကယ်အတိုင်းပဲ… မျက်စိထဲတောင်မြင်ယောင်လာမိတယ်…
မမြင်နိုင်တဲ့ မနက်ဖြန်မှာ အခြေအနေတွေက ပိုဆိုးလာနိုင်သလို ပိုလဲကောင်းလာနိုင်တာပဲလေ…
အတိတ်ကောင်း နိမိတ်ကောင်း ပို့ စ်လေးမို့  အဲဒီအတိုင်းသာ ဖြစ်လိုက်ပါတော့လို့  ဆုတောင်းမိတယ်…
သဌေးဝါဒ သီချင်းလေးကို သတိရမိတယ်…
ပို့ စ်ကောင်းကောင်းလေးအတွက် ကျေးဇူးပါညီမရေ…
Comment by တန်ခူး — June 7, 2009 @ 6:18 pm

ခင်မင်းဇော်… အစ်မရေ.. မလေးလဲ တစ်ကယ်ကို မျှော်လင့်ပါတယ်။
မွန် .. မလေးလဲ မွန့်ကော့မန့်ဖတ်ပြီးတော့ တွေးရင်းတစိမ့်စိမ့်ဝမ်းနည်းလာတယ်။ ဒါပေမယ့်လည်း ဒီဘွဲ့တွေနဲ့ အဆင်ပြေနေသူတွေလဲ လောလောဆယ်အများကြီးဆိုပြီး မလေး အားတင်းထားပါတယ်။
Phyo Evergreen … ဒါတောင် အစ်မ အိမ်မှာ ကလေးသုံးယောက်ထားခဲ့တာရေးဖို့ ကျန်သွားလို့ :P
Black Dream …. ဒါဆိုလဲ မိုးပျံရထားပေါ့ မောင်လေးရေ… နှစ်၂၀ ဆိုတာ ဂျန်နရေးရှင်းတစ်ခုပဲရှိသေးတယ်နော်။ ဒီဂျန်နရေးရှင်းတစ်ခုအတွင်းမှာ ကျန်တာထားတော့ အတွေးအခေါ်တွေ ဒီလောက်ပြောင်းသွားဖို့ကော ဖြစ်နိုင်မယ်ထင်လား။
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား .. သင့်ခ်ယူပါ :D
Angel Eyes … တူတူပဲ သူငယ်ချင်းရေ..။ သူငယ်ချင်းတော့ မသိဘူး။ တို့တော့ ကျောင်းတက်ရတာ မြန်မာပြည်မှာပိုပျော်တယ်။ ခြေချဖူးရုံတက်ခဲ့ရတော့ တစိမ့်စိမ့် ပိုစွဲလန်းနေမိလားမသိပါဘူးကွယ်..။
မေငြိမ်း … ဇာတ်လိုက်က စံပယ်ပန်းကိုင်ထားတဲ့ လက်ပိုင်ရှင်ပါ အစ်မ။
ပုံရိပ် … မလေးလဲ မျှော်လင့်တယ် ပုံရိပ်ရေ..။ ဖြစ်ခဲ့ဖူးတာပဲ.. ဖြစ်လာမှာပါ။
ရွာသားလေးဝိုင်တီယူ.… မလေးကလည်း ရန်ကုန်တက္ကသိုလ်ပဲ ရောက်ဖူးတော့ ဥပမာလေးတစ်ခုအနေနဲ့ပဲ ရေးသွားတာပါ။ ကိုယ့်တိုင်းပြည်က ဘယ်ကျောင်းဖြစ်ဖြစ် ထိပ်တန်း၁၀၀ထဲဝင်ရင် တော်ပါပြီ။
တန်ခူး…မလေးကို တက်ဂ်သောကြောင့်လည်း ကျေးဇူးပါ မ.. ရေ
Comment by မလေး — June 7, 2009 @ 11:29 pm

ကွန်မကောင်းလို့မြန်မာပြည်ကွန်နက်ရှင်ကတကယ်လေတယ်အဟုတ်ပဲ
Comment by ဒေါင်းမင်း — June 8, 2009 @ 12:38 am

မမရေ ဒုတိယအကြိမ်လာဖတ်ပါတယ်။ ပျော်ရွှင်ပါစေရှင်။
Comment by thumalay — June 8, 2009 @ 3:45 am

မရောက်ဖူးဘူး မ ။ငယ်ငယ်ကတော့ ရန်ကုန်တက္ကသိုလ်ကို မလေးလိုမျိုးပုံဖော်ပြီး ရောက်ချင်ခဲ့တယ်။ခုတော့ လမ်းခုလတ်တင် အဝေးမှာပဲ။။။။။တကယ်ဖြစ်စေချင်လိုက်တာ မလေးရေ။
Comment by maylay — June 8, 2009 @ 8:20 am

အစ်မရေ့ မုန့်ဖိုးနည်း၂ပဲ ပါခဲ့တော့ မြန်၂လေးပဲဖတ်သွားရတော့တယ် :P နေကောင်းတယ်ဟုတ် သတိရတယ် ။
Comment by မောင်မျိုး — June 9, 2009 @ 7:24 am

ဆက်ဖတ်ရန်...

1 ရင်ခတ်သံများ:

Tuesday, June 02, 2009

မှိုင်းကုန်နေတဲ့ မီးပုံးပျံ

မျက်မှန်နောက်က စူးရှရှ မျက်ဝန်းတွေ၊ မရယ်မပြုံး နှုတ်ခမ်းတွေနဲ့ လက်ပိုက်လို့မတ်တပ်ရပ်နေတဲ့ ရှဉ့်တစ်ကောင်ကို ပန်းတစ်ပွင့်က သူ့လက်ဖမိုးပေါ် ယုယုယယတင်ပြီး အကြာကြီး ငေးနေတယ်။ "ချစ်လိုက်တာ.. မထိရက်၊ မတို့ရက်၊ ချစ်တယ်"


နွေရာသီအလှတရားရဲ့ ရိုက်ခတ်မှုက ဖန်သားပြင်နဲ့ အဝေးကြီးကို တွန်းပို့နေတယ်။ ဗလာနတ္ထိဦးနှောက်က ခံစားချက်တွေပြည့်နေတဲ့ရင်ကို လှောင်ပြုံးပြုံးပြတယ်။


"စာပေရေးသူတွေ ရေးစရာမရှိတဲ့ တစ်နေ့မှာ မှိုင်းကုန်သွားတဲ့ မီးပုံးပျံလို ထိုးဆင်းသွားမှာ သေချာတယ်…"
ဆရာမကြီး စောမုံညင်းက အနားမှာ ခပ်တိုးတိုးလာပြောတယ်။

"ရေးစရာမရှိတာထက် ရေးချင်စိတ်မရှိတာပါ ဆရာမကြီး"

နောက်ဘက်ခြံထဲက ပန်းသီးပင်အောက်မှာ အဖြူရောင်စာရွက်တစ်ရွက် တိတ်တဆိတ်ထိုင်နေတယ်။ အဲဒီချိန်မှာ ရင်ထဲက ခံစားချက်တွေက စာရွက်ပေါ်ကို ခုန်ဆင်းသွားတယ်။ ငှက်ကလေးက လေပြေကိုချစ်တယ်၊ လေပြေက နှင်းဆီကို နမ်းတယ်၊ နှင်းဆီက ပိတုန်းလေးကို မျှော်တယ်။ ပိတုန်းလေးက ချယ်ရီပွင့်ကို ကျီစယ်နေတယ်။ ချယ်ရီပွင့်ပေါ်မှာ နားရင်း နှင်းဆီဘက်ကို မျက်စောင်းထိုးနေတဲ့ ပိတုန်းတစ်ကောင်ကို ဘယ်သူများ နားလည်ပေးမလဲ၊ ကဲ့ရဲ့ရှုံချကြမှာ။ စာရွက်ဖြူက တစ်ယောက်ထဲ ဖုန်းကြီးစာရွတ်သလို လေပြေ၊ နှင်းဆီ၊ ပိတုန်းနဲ့ ချယ်ရီတွေအကြောင်း တတွတ်တွတ်ရွတ်နေတယ်။


"ကိုယ့်ကို နားလည်ပေးပါကလေးရယ်…. "
ငိုက်မြည်းနေတဲ့ ဖန်သားပြင်ထဲက ဟောင်းနွမ်းဆွေးမြေ့နေတဲ့ သီချင်းတစ်ပုဒ်က တရေးနိုးထဆိုတယ်။

"သွားစမ်းပါ…."

သက်ပြင်းကိုတစ်ချက်ရှိုက်ပြီး ဖန်သားပြင်က နားပိတ်လို့ ပြန်လည်ငိုက်မြည်းနေလိုက်တယ်။ နားပိတ်ပြီး ငိုက်မြည်းနေပေမယ့် လတ်ဆတ်နေတဲ့ ရင်ခုန်သံကို ဘာသာပြန်ကြားနေရတယ်။


"I'll be your dream I'll be your wish I'll be your fantasy…."

ကနွဲ့ကလျနဲ့ လမ်းလျှောက်လာတဲ့ ဒီသီချင်းရဲ့အဆိုတော်၊ ကျားကျားယားယားမဟုတ်တာကို ချယ်ရီရွက်ကလေးက နှုတ်ခမ်းစေ့လို့ကြည့်နေတယ်။


မျက်မှန်နောက်က စူးရှရှ မျက်ဝန်းတွေ၊ မရယ်မပြုံး နှုတ်ခမ်းတွေနဲ့ လက်ပိုက်လို့မတ်တပ်ရပ်နေတဲ့ ရှဉ့်တစ်ကောင်ကို ပန်းတစ်ပွင့်က သူ့လက်ဖမိုးပေါ် ယုယုယယတင်ပြီး အကြာကြီး ငေးနေတယ်။ "ချစ်လိုက်တာ.. မထိရက်၊ မတို့ရက်၊ ချစ်တယ်" ပန်းပွင့်ရဲ့စကားအဆုံးမှာ မျက်မှန်နဲ့ ရှဉ့်လေးက ခွက်ထိုးခွက်လန် ရယ်မောပြီး ပျက်ရယ်ပြုလိုက်တယ်။ "စိတ်ကူးမယဉ်စမ်းပါနဲ့…" "မဟုတ်..မဟုတ်ဘူးလေ၊ မင်းနဲ့ငါ.. အရင်ဘ၀က.. ကြင်သူတွေများ ဖြစ်ခဲ့သလားလို့ပါ" ပန်းလေးက ခေါင်းငုံ့ပြီး မ၀ံ့မရဲပြောရင်း မျက်ရည်တွေကို သူ့ရိုးတံနဲ့ ခိုးသုတ်လိုက်တယ်။ "ငါ..မင်းကိုဘယ်တော့မှ စကားပြန်ပြောလိမ့်မယ်မထင်နဲ့" ခပ်ဆတ်ဆတ်ပြောရင်း ရှဉ့်ကလေးက တောအုပ်ထဲ ပြေးဝင်သွားတယ်။ "ဖြစ်သင့်တာကို လုပ်ပါအချစ်ရယ်…" ပန်းပွင့်က ခပ်တိုးတိုးပြောရင်း၊ သူ့ပွင့်လွှာတွေကို တစ်ချပ်စီချွေချလိုက်တယ်။


ခပ်လှမ်းလှမ်းက ပန်းခြံထောင့်ကျောက်တုံးပေါ်မှာ ဦးဆန်းထွန်းနဲ့ ဒဂုန်ဦးစန်းငွေတို့ ထိုင်နေကြတယ်။

"အိပ်တော့… ညနာရီပြန် ၂ချက်လောက်ထိ စာတွေထိုင်ထိုင်ရေးနေလို့ ကျုပ်တို့အသေစောခဲ့တာ၊ အပျော်စာရေးသူ မင်းအနေနဲ့ဆိုရင် ဒီထက်စောအိပ်သင့်တယ်။"


"လူ့ပြည်မှာတော့ နေ့လည် ၂ချက်ပဲရှိပါသေးတယ်"
စောဒကတက်သံကြောင့် ဆရာမကြီး စိတ်တိုသွားတယ်။

"ကြောင်အိုရင် ကြွက်မလေးစားတာလား၊ ချောင်ထိုးချင်ကြတာများလား၊ တို့တောင် သက်ကြီးပူဇော်ပွဲတွေမှာ သောင်းချီရနေတာကို တချို့က တကယ်ရှစ်ဆယ်ကျော်ပါရဲ့လား၊ ပူဇော်ခံချင်လို့များ လိမ်ပြောသလားတဲ့ ဖြစ်ရပုံတွေ"

"လူတွေက အဲသလိုပဲပြောသလား ဆရာမကြီးရယ်၊ သက်ကြီးပူဇော်ပွဲတွေ မရောက်တာတောင် နစ်ပေါင်းကြာလှပေါ့။ ခုလဲ စောဒကတက်တာ မလေးစားတာမဟုတ်ရပါ၊ ခုဟာက နေ့လည် ၂ချက်ပဲရှိသေးတာကိုပြောတာပါ…"

ပွင့်ဖတ်တွေ တစ်စစီကြွေနေတဲ့ ပန်းရိုးတံက ရှိသမျှခွန်အားနဲ့ လူးလဲထရင်း ဆရာမကြီး ရင်ခွင်ထဲမှာ ငိုချလိုက်တယ်။ ချုံပုတ်ထဲက ရှဉ့်လေးကတော့ ခပ်ဝေးဝေးကိုထွက်ခွာသွားခဲ့ပြီ။ ချုံပုတ်စပ်မှာတော့ အနက်ရောင် မျက်မှန်လေးတစ်လက် တိတ်ဆိတ်စွာ လှဲလျှောင်းကျန်ရစ်ခဲ့တယ်…။



Comments from AinChannMyay.com


မလေး နွေရာသီမှာ လွမ်းမောစရာတွေရှိနေတာကို လှစ်ခနဲမြင်သွားတယ် ပန်းပွင့်လေးရဲ့ ရိုးတံလေးနဲ့ မျက်ရည်ခိုးသုတ်တဲ့နေရာမှာ ရင်ထဲနင့်သွားတယ်
Comment by မွန် — June 2, 2009 @ 12:49 am

ကောင်းတယ်ဗျာ။ နာရီပြန် ၂ချက်ဆိုတာ ကိုစဉ်းစားနေတာ ညဖက် ၂နာရီကတော့ သဘောပေါက်လို့ရတယ်။ တစ်ဖက်ကို ပြန်သွားတဲ့ နေ့လည် နာရီပြန် ၂ချက်ထိုးက ၂ - ၂ ချင်းတူချင်တာနဲ့ သုံးလိုက်တာလား။ အသုဘချချိန်ဆိုရင်တော့….လွဲနေလားလို့ နေ့လည် ၁နာရီဖြစ်နိုင်တယ်ထင်ပါတယ်။
Comment by ရှေးစာဆို — June 2, 2009 @ 4:15 am

ဒုံးဝေးပါသည်၊ နားမလည်ပါ
Comment by ကျား — June 2, 2009 @ 10:08 am

Ma Lay,
You are right about where I live. I live near San Diego area. Let me know if you are in the area. I am so depressed that don’t feel like doing anything. I lost my true sense of me…I lost my goal, my ambition …everything.
This is for someone who I trusted with my life…
If you only cared a little bit more than you did,
Things might have turned out differently but now.. all gone … Gone with the wind.
Sorry to bother you Ma Lay.
Ain Shin Ma
Comment by lynda — June 2, 2009 @ 11:41 am

ဘာပြောရမှန်းမသိဘူး..တကယ်။
Comment by Phyo Evergreen — June 3, 2009 @ 1:00 am

မွန်၊ ရှေးစာဆို၊ ကျား၊ ဖြိုး..
ဘယ်သူမှ နားမလည်အောင်ရေးရတာ ဘယ်လောက်ခက်တယ်ထင်လဲ.. ကိုယ့်ဟာကိုယ်တောင် နားမလည်ဘူး :D
Linda..
Linda you okay? မလေးကို ရင်ဖွင့်ချင်လား။ မလေးကလဲ အရေးထဲအီးမေလ်ဖျက်ထားတယ်။ အသစ်လုပ်ပြီးတင်မယ်တင်မယ်နဲ့ မလုပ်ဖြစ်သေးဘူး။ လင်ဒါ့အီးမေလ်း ချန်ရင်ချန်ခဲ့လေနော်။ I lost my goal, my ambition ဆိုတာတွေ မလေးလဲ ဖြစ်ခဲ့ဘူးတယ်။ Immigrant တွေ ဖြစ်တဲ့ ခံစားချက်တွေပါ။ ဆိုင်မဆိုင်တော့ မသိဘူး။ အဆင်ပြေပါစေလင်ဒါရယ်..
Comment by မလေး — June 4, 2009 @ 11:51 am

မလေးက ရေးအားကောင်းသလို တွေးအားလည်း ကောင်းပါတယ်။
ပန်းပွင့်က သူ့ပွင့်လွှာလေးတွေ တစ်ဖတ်ချင်း ခြွေရင်း စကားဆိုတာ…
တစ်စစီကြွေနေတဲ့ ပန်းရိုးတံက ရှိသမျှခွန်အားနဲ့ လူးလဲထရင်း ဆရာမကြီး ရင်ခွင်ထဲမှာ ငိုချလိုက်တယ်ဆိုတာ…
ဆရာမကြီးက မှီခိုသမျှ ပွင့်လွှာ အနူးအညံ့မရွေး၊ ရနံ့ ဆိုး ကောင်း မရွေး အားလုံးကို သူ့မျက်စိအောက်မှာ မြင်နေရရင် ပျော်နေမှာပါ။
ခပ်ဝေးဝေးထွက်ခွာသွားပြီဖြစ်တဲ့ ရှဥ့်ကလေးကိုလည်း ပြုံးပြီး ကြည့်နေမှာပါ။
တိတ်ဆိတ်စွာ လဲလျောင်းကျန်ရစ်တဲ့ အနက်ရောင် မျက်မှန်လေးတစ်လက်ကတော့ စစ်မှန်တဲ့ ပိုင်ရှင်လက်ထဲ ပြန်ရောက်မယ်ထင်ပါတယ်… တစ်နေ့နေ့……
(ရေးသူရဲ့ အတွေးနဲ့ မအပ်စပ်ဘူးဆိုရင်လည်း ခွင့်လွှတ်နော်)
Comment by အေးချမ်းသူ — June 6, 2009 @ 5:04 am

အေးချမ်းသူ ..
သိုးလေးးးးး.. ဘယ်ပျောက်နေတာလဲ။ ဘလောဂ်မရေးတော့ဘူးလား။ ဘာတွေလုပ်နေလဲ၊ ဘယ်တွေရောက်နေလဲ သိချင်၏ :D
မလေးလား.. ရေးအားမကောင်းဘူးထင်တယ်။ တွေးအားလဲလျော့နေတယ်။ ခွင့်မလွှတ်စရာဘာမှမရှိ၊ ပျောက်နေလို့ သတိရနေတယ်
Comment by မလေး — June 7, 2009 @ 2:17 am

အပိုင်းအစလေးတွေက တစ်စုံတစ်ခုကို ပေါင်းစပ်သွားစေသလို ခံစားရပြီး တစ်စုံတစ်ခုကလည်း အပိုင်းအစလေးတွေအဖြစ် ကွဲပြားလွင့်စင်သွားသလို မြင်ယောင်လာမိတယ်.
ဘာလို့မှန်းတော့မသိဘူး. ဖတ်ပြီး ၀မ်းနည်းသွားသလိုပဲ.
ကျွန်တော်ကိုကပဲ အခုတလော အလွမ်းဓာတ်တွေကဲနေလို့လားမသိပါဘူး မလေးရာ…း)
ရေးထားတာလေးက သိမ်မွေ့ပါတယ်. ကျွန်တော်လည်း အဲလို သိမ်မွေ့ချင်တယ်. ဒါပေမယ့် ကျွန်တော့်စာတွေက ရွဲ့တာတွေ၊ သရော်တာတွေ၊ ဟာသလုပ်တာတွေ များနေတယ် မလေးရေ…
Have a nice evening ပါ မလေး..
ခင်တဲ့.
Y.
Comment by Yan — June 8, 2009 @ 5:56 pm

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Monday, June 01, 2009

ကြည်လင်တဲ့နေ့

windchime2.jpg


အပူချိန်က ၂၈ ဒီဂရီ....
ငှက်ကလေးတွေက တေးဆိုနေတယ်။
ထင်းရူးပွင့်လေးတွေ လေထဲမှာ လွင့်မျောသွားတယ်။
ကောင်းကင်ကြီးက ပြာလွင်တောက်ပနေတယ်။
သစ်ရွက်တွေ လေအဝှေ့မှာ တဖျတ်ဖျတ်နဲ့ အရောင်လက်နေတယ်။
ကန့်လန့်ကာတွေက အတားအဆီးမဲ့ လူးလွန့်နေတယ်။
အိမ်တွေနောက်က ကြိုးတန်းတွေပေါ်မှာ နေလှန်းထားတဲ့ အ၀တ်တွေ လေထဲမှာ လွင့်နေတယ်။
ရေခဲချောင်းရောင်းတဲ့ ကားတွေဆီက သီချင်းသံတွေ ပတ်ဝန်းကျင်မှာ ကြားနေရတယ်။
ကလေးလေးတွေက ရေခဲချောင်းကားနားမှာ ရစ်သီရစ်သီလုပ်နေကြတယ်။
ပတ်ဝန်းကျင်က မြက်ခင်းတွေပေါ်မှာ ယောင်္ကျားတွေက မြက်ရိတ်စက်တွေနဲ့ အလုပ်ရှုပ်နေချိန်....
မိန်းမတွေက ကတ်ကြေးတွေကိုယ်စီနဲ့ ပန်းခြုံတွေနားမှာ အလုပ်ရှုပ်နေတယ်။
အချို့ကလေးလေးတွေက မြက်ပန်းလေးတွေကို လေနဲ့မှုတ်ပြီး ၀တ်မှုန်လေးတွေကို လိုက်ဖမ်းနေတယ်။

37278venus.jpg

ခြံတွေထဲက အလှပြ ရောင်စုံပန်ကာလေးတွေ၊ ဆည်းလည်းလေးတွေဆီက သာယာနာပျော်ဘွယ် အသံတွေက လွင့်ပျံ့နေတယ်။
ဟိုဘက်အိမ်တွေက မဆလာနဲ့ ချက်တဲ့ ဟင်းနံ့တွေ၊ မုန်လာဥနီနဲ့ချက်ထားတဲ့ ဟင်းတွေ၊ ဘယ်ရီဘိန်းမုန့်နံ့တွေကလဲ မွှေးပျံ့နေတယ်။

black-solar-garden-lightsl-550×360.jpg

ညတွေမှာ ခြံတွေထဲက အလှမီးလေးတွေက တဖျတ်ဖျတ်လင်းလာကြတယ်။ သစ်ရွက်ကြွေတွေ လေနဲ့လွင့်သွားသံတွေနဲ့အတူ အိမ်တွေထဲက ပျံ့လွင့်လာတဲ့ သီချင်းသံလေးတွေကို ကြားနေရတယ်။
လမ်းမတွေပေါ်မှာ လူငယ်လေးတွေ လမ်းသလားနေကြတယ်။
အချို့တွေကလဲ မိဘတွေရဲ့ အမိုးပွင့်ကားတွေကို စက်သံပေးပြီး လူးလာခေါက်တုံ့ မောင်းနေကြတယ်။

ဘာဆိုဘာမှ မလုပ်ဘဲ နွေရာသီကို ခုလိုငုတ်တုတ်ထိုင်ကြည့်လို့ စာဖွဲ့နေချင်တယ်။

ဟောင်းနွမ်းနေတဲ့ ဒီသီချင်းကို ရုံးအသွား မိုးတွေတ၀ုန်းဒိုင်းဒိုင်းရွာတဲ့နေ့မှာ ရေဒီယိုအသံလွှင့်ရုံတွေကနေ တမင်လွှင့်ပေးတတ်တယ်။
နားထောင်သူအချို့က အသံလွှင့်ရုံတွေကို ဖုန်းခေါ်ပြီး နောက်နေတာလားဟင်... လို့ မေးတတ်ကြတယ်။
အသံလွှင့်တဲ့ လူက အသံအကျယ်ကြီးနဲ့ သဘောကျပြီး အော်ရယ်တတ်တယ်။




ဒီလို...
သာယာတဲ့ နေ့ကလေးကို.....
ဖန်ပေါင်းချောင်လေးထဲမှာ ထည့်ပြီး....
လည်ပင်းမှာ ဆွဲထားချင်တယ်။

ကင်မရာဓာတ်ခဲကုန်နေလို့ အနီးစပ်ဆုံးတူတဲ့ ပုံတွေကို ဂူဂဲလ်မှ ကူးယူဝေမျှထားပါတယ်။
အားလုံးကို သတိရပါတယ်။

Comments from AinChannMyay.com


Ma Lay,
Have a great summer time! Enjoy it.
Ain Shin Ma
Comment by lynda — June 1, 2009 @ 5:50 pm

အဲဒါ စိတ်ကူးယဉ်ကမ္ဘာလေးဘဲဖြစ်ရမယ်…အစ်မ။
Comment by Phyo Evergreen — June 1, 2009 @ 6:20 pm

နွေကြို သတိုးသမီးက မအိမ့်ချမ်းမြေ့ ဖြစ်ပုံရတယ်။ နွေကြိုပန်းတွေနဲ့အတူ သံစဉ်မဲ့ အင်္လကာတေးသွားက ကကုန်လို့နေတယ်။ သူ့ကိုပေါ့ ကြည်လင်တဲ့နေ့ တစ်နေ့မှာ လစ်ခနဲ လှမ်းမြင်လိုက်ရတယ်။
Comment by ရှေးစာဆို — June 1, 2009 @ 7:30 pm

ဖတ်ရတာ စိတ်ထဲ ငြိမ်းချမ်းအေးမြသွားတာပဲ အိမ့်ရေ…
“ပတ်ဝန်းကျင်က မြက်ခင်းတွေပေါ်မှာ ယောင်္ကျားတွေက မြက်ရိတ်စက်တွေနဲ့ အလုပ်ရှုပ်နေချိန်….
မိန်းမတွေက ကတ်ကြေးတွေကိုယ်စီနဲ့ ပန်းခြုံတွေနားမှာ အလုပ်ရှုပ်နေတယ်။
အချို့ကလေးလေးတွေက မြက်ပန်းလေးတွေကို လေနဲ့မှုတ်ပြီး ၀တ်မှုန်လေးတွေကို လိုက်ဖမ်းနေတယ်။”
တဲ့လား။ အားကျလိုက်တာ။ ဒီမှာတော့ အဲဒီလို ဘ၀မျိုးရဖို့ ခက်တယ်လေ။ အခန်းကျဉ်းလေးကို အိမ်လုပ်နေရတာမိုလား။
အိမ့်ရေ… စကားမစပ်… တက်ဂ်ထားတယ်နော်… ရေးပေးပါဦးညီမရေ…
Comment by တန်ခူး — June 1, 2009 @ 9:34 pm

မလေး ပျော်နေပုံပေါက်တယ်.း)
သာယာလှပတဲ့ ပတ်ဝန်းကျင်လေးမှာ နေထိုင်ခွင့်ရတာ ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းတစ်မျိုးပါပဲဗျာ.
ကျွန်တော့်ဆီမှာတော့ ပူလိုက်အေးလိုက်နဲ့ပဲ မမှန်တဲ့ ရာသီဥတုအောက်မှာ နေတတ်အောင်နေနေရတယ်.
မနေတတ်လို့လည်း မရဘူးလေ. ကိုယ့်မှာ ရွေးချယ်ခွင့်မှ မရှိတော့. ဖြစ်လာတဲ့အတိုင်းနေရတာပေါ့. မဟုတ်ဘူးလား
သီချင်းလေးကိုကြိုက်တယ်.
I think I can make it now, the pain is gone
All of the bad feelings have disappeared
Here is the rainbow I have been praying for
It’s gonna be a bright bright bright bright Sun-shiny day..
အဲဒီ့စာသားလေးတွေ ရှင်းရှင်းလေးနဲ့ လေးနက်မှုရှိတယ်နော်. လှတယ်.
ဖြစ်ချင်တော့ တီဗွီကြည့်နေရင်း မလေးဘလော့ဂ်ကို လာဖတ်မိတာ ပြန်လည်းလှည့်လိုက်ရော တီဗွီထဲမှာလေ သက်တန့်ကြီးတစ်စင်းပေါ်နေတယ်.
ဘရာဇီးလ် အမေဇုံမြစ်က မိကျောင်းတွေအကြောင်းကြည့်နေတာလေ. မြစ်ကြီးပေါ်မှာ သက်တန့်ကြီးပေါ်နေတာများ လှလိုက်တာ.
သက်တန့်တွေအကြောင်းရေးတတ်တဲ့ မလေးကိုတောင် သတိရမိသွားသေးတယ်.
မလေး ပျော်ရွှင်ချမ်းမြေ့စွာ နွေဦးကို ဆက်လက်ကြိုဆိုနိုင်ပါစေဗျာ.
ခင်တဲ့
Y.
Comment by Yan — June 1, 2009 @ 10:33 pm

မလေးက နွေရာသီမှာ ပျော်လား..
ညီမက လေထဲသစ်ရွက်တွေ ၀ဲနေရင် သဘောကျတယ်..
By any chance, you like snow domes, too?
Comment by ShwunMi — June 1, 2009 @ 11:29 pm

ကျွန်တော်လည်း ထင်ထင်ရှားရှား သိသိသာသာ ကွက်ကွက်ကွင်းကွင်း မြင်ပါပြီ ခင်ဗျ
Comment by ကျား — June 2, 2009 @ 10:17 am

lynda.. လင်ဒါက ကယ်လီဖိုးနီးယားကလားဟင်.. ဒီဘက်မှာဆောင်းကျရင် မလေး အဲ့ဘက်ကို ပြောင်းပြေးချင်တယ်။ နွေဆိုရင်တော့ ဒီမြို့လေးကနေ ဘယ်မှ မသွားချင်ဘူး။
Phyo Evergreen .. ဖန်းပေါင်းချောင်ထဲ နွေကိုထည့်ထားချင်တာကလွဲလို့ အခုတောင် ဟိုဘက်အိမ်က မဆလာဟင်းနံ့သင်းလို့မောင်လေးရဲ့
ရှေးစာဆို .. နွေကိုကြိုပြီးရင် နွေရောဂါလာတော့မယ်ထင်ရဲ့
တန်ခူး.. တကယ်လဲ မြက်တွေရိတ်ရ နှုတ်ရကော.. အကုန်လုံးသား သိုင်းကစားသလို ဓားနဲ့မွှေ့ယမ်းချင်စိတ်ပေါက်မယ် မ.. ရေ
Yan .. ဒီနှစ်တော့ တော်တော်လေး နွေကိုတန်ဘိုးထားနေမိတယ်။ စနေနေ့ကတောင် နေပူပူကြီး သက်တန့်ထွက်နေသေးတယ် ကိုရန်။
ရွှန်းမီ... လေပြင်းပြင်း ကညင်ပင်တို့ ကုက္ကိုလ်ပင်အောက်တို့မှာ ထိုင်နေရတာလဲကြိုက်တယ်။ snow domes လေးတွေလဲ ကြိုက်တာပဲညီမ။ လွင့်နေတဲ့ အရောင်လက်လက်လေးတွေကိုငေးကြည့်ရင်း စိတ်ကူးအသစ်လေးတွေ တခါတခါ ပေါ်လာတတ်တယ်။
ကျား.. ဘာကိုမြင်တာလဲမသိဘူး။
Comment by မလေး — June 2, 2009 @ 10:21 am

သူငယ်ချင်းရေ…နေကောင်းလား…ကြည်လင်တဲ့နေ့ကိုကြိုက်တယ်။
Have you check facebook these days?…I am going back during Midterm Break and we will have a gathering with friends at YGN before I take the next flight to MDY…hee, I can’t wait to see my love ones there…Take care of your health and enjoy the summer time (-:…
Comment by Angel Eyes — June 3, 2009 @ 9:07 am

Angel Eyes…
လွန်ခဲ့တဲ့ လေးငါးရက်က တစ်ခေါက်ရောက်တယ် သူငယ်ချင်း… WLLT ရဲ့ ဧရာဝတီပုံတွေမှာ ကော့မန့်ရေးခဲ့သေးတယ်။ သူကတော့ နေ့စဉ်သွားကြည့်တယ် (ထင်တယ်)။ သူငယ်ချင်းတွေနဲ့ တွေ့ရဦးမှာ ပျော်စရာကြီး.. ပုံတွေများကြီး ရိုက်ခဲ့ပါ။ KA တို့တွေကို ခေါ်သွားတဲ့ RC2 နားက ရခိုင်ဆိုင်လား ပုစွန်သုတ်ဆိုင်လား အဲဒီက ပုဇွန်သုတ် ကိုယ်စားစားခဲ့ပေးပါ။ အဲဒါကို တစ်ချိန်လုံး ဓာတ်ကျနေတယ် သူငယ်ချင်းရေ…။
Comment by မလေး — June 4, 2009 @ 11:58 am

ဒီတစ်ခေါက်မြန်မာပြည်မုာလုပ်ဖို့ရှိတာလေးတွေအစပျိုးဖြစ်မယ်သူငယ်ချင်း။SAရဲ့ကျောင်း၊MTYရဲ့စက် တွေလေ့လာရေးသွားဖြစ်မယ်။အပမ်းဖြေတာနဲ့အလုပ်ရောမယ်လေ။ သူငယ်ချင်းပြောတဲ့ဆိုင်ကိုသွားခဲ့မယ်။အစားဆိုရင်စိတ်ချ…ဟီး -း Comment by Angel Eyes — June 6, 2009 @ 1:17 am

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Thursday, May 28, 2009

ကုမ်ရာသီဖွား မိန်းမများအကြောင်း

ကုမ်ရာသီဖွားမိန်းကလေးများအကြောင်းကို ဟိုတစ်နေ့ကဖတ်ရင်း စိတ်ထဲကနေ ကိုယ့်ဟာကိုယ်ပြောမိတဲ့ စကားတွေကို ချရေးကြည့်တာပါ။


ကုမ်ရာသီဖွားတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့အဖော်ယောင်္ကျားလေးတွေထက်တောင် ပိုပြီး strong ဖြစ်တယ်တဲ့ (အဲဒါဘာကိုပြောတာလဲမသိ၊ စိတ်ပိုင်းဆိုင်ရာလား၊ ရုပ်ပိုင်းဆိုင်ရာလား၊ ကိုယ့်မှာ ဗလတွေလဲ မရှိပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပိုမာတယ်ဆိုရင်တော့ ဟုတ်သလိုလိုရှိသား၊ ဒါလည်းမဖြစ်နိုင်သေးပါဘူး။ ကိုယ့်ကို အလိုလိုက်ထားတာဖြစ်မှာပါ။ ယောင်္ကျားတွေက မိန်းမတွေအပေါ် နိင်ထက်စီးနင်းလုပ်ချင်ရင် အလွယ်လေးဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ဂျင်းတဲလ်မန်းတွေနဲ့ပဲတွေ့နေလို့လား၊ သြော်.. မိန်းမ၊ မိန်းမ။ ကိုယ့်ကိုအလိုလိုက်ရင်တော့ အဲဒီယောင်္ကျားဟာ ဂျင်းတဲလ်မန်းဖြစ်သွားပါပကောလား)


ကုမ်ရာသီဖွားမိန်းမတစ်ယောက်ဆိုတာကို သူတို့ရဲ့ ၀တ်စားဆင်ယင်ပုံကြည့်တာနဲ့ကို သိနိုင်တယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ချင်မှဝတ်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ထင်ရင် ၀တ်လိုက်တာပဲတဲ့။ (အဲဒါတော့မှန်တယ်။ ဥပမာ… ဖက်ရှင်ဖြစ်နေတဲ့ ဒေါက်ကြီးစီးပြီး အရမ်းတော့ လှနေပါရဲ့၊ ခြေနာလို့ ထော့နဲ့နဲ့ကြီးဖြစ်နေတာမျိုး၊ Paris Hilton လို လှချင်လို့ လှည်းဘီးမျက်မှန်ကြီးဝတ်ပြီး မမြင်မစမ်းဖြစ်နေတာမျိုးတော့ မဖြစ်လိုဘူး၊ ကိုယ်နဲ့အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင်ပုံကို နှစ်သက်တာတော့ အမှန်ပဲ)


ဒါပေမယ့် ဘာဝတ်ဝတ် သူတို့က ကြည့်ကောင်းနေတယ်တဲ့ (အဟွန်း… ဒါကတော့ လူတိုင်းနီးပါး ကိုယ့်ကိုကိုယ်လှတယ်ထင်တတ်ကြတယ်။ ကိုယ်တော့မပါဘူးကွယ်)


a bit offbeat and unusual ဆိုပါလား (ကြွက်တွေစုပြုံပြေးနေတဲ့အထဲ ၀င်မပြေးချင်လို့၊ သူတို့ပြေးလမ်းရဲ့ အပြင်ဘက်ကနေ ရပ်ကြည့်နေတတ်တော့လည်း နေရင်းထိုင်ရင်း ကိုယ်ဟာ offbeat and unusual ဖြစ်သွားပါပကော)


အရမ်းကိုအနုပညာဆန်ပြီး ဆန်းသစ်တီထွင်တတ်တယ်။ တစ်ချိန်ထဲမှာ အလုပ်သုံးလေးခုကို ကောင်းမွန်စွာ လုပ်နိုင်တယ်တဲ့ (အဲ… ၀န်ခံလိုက်ရင်.. ကိုယ်ဟာ မသူတော် လုံးလုံးဖြစ်ပါပြီ)



ကုမ်ရာသီဖွားမိန်းမတိုင်းလိုလို ဂစ်တာတီးတတ်တယ်တဲ့ (ဂစ်တာက လွယ်တယ်လေ၊ အိမ်ချမ်းမြေ့ မတောက်တခေါက် တယောထိုးတဲ့ညတွေဆို ခွေးတွေတောင်အူတာ လူတွေမှ မသိဘဲကိုး)


တစ်ယောက်ယောက်ကို မှီတွယ်ပြီး မနေတတ်ဘူးတဲ့။ (အဲဒါတော့ဟုတ်တယ်။ ကျောင်းတုန်းက သူငယ်ချင်းမိန်းကလေးတွေ တစ်ပြုံကြီး အိမ်သာသွားကြတာကို နားကိုမလည်တာ။ သူလိုက်မလား ငါလိုက်မလားနဲ့ သူငယ်ချင်းမတွေ အဲဒီနားအဖော်ညှိနေတာကို ၁၅မိနစ်လောက်ကြာတယ်။ ကိုယ့်ဟာကိုသွားကြပါတော့လား။ ဘာကိုကြောက်ပြီးရှက်တာလဲကို မသိတာ။ ရည်းစားစကားလိုက်ပြောမယ့်သူရှိလို့ ပြန်မကြိုက်လဲ “ကိုယ်တော့ လောလောဆယ် မင်းကို မကြိုက်သေးဘူးကွာ၊ နောင်ဆယ်နှစ်လောက်နေမှ ကြိုက်ချင်ကြိုက်မယ်၊ ဆယ်နှစ်တွင်းတော့ ပြန်မလာပါနဲ့ဦး” လို့ ပြောလိုက်ရုံပဲ။ ကိုယ်ကတော့ ကိုယ့်ဟာကိုယ် အိမ်သာကို တစ်ယောက်တည်း ထသွားလိုက်တာပဲ။ ဘယ်သူလိုက်ဦးမလဲလဲ မမေးမိ။ လူဆိုတာ ကိုယ့်စိတ်နဲ့နှိုင်းတာကိုး။ ညကြီး အိမ်သာသွားတယ်ဆိုလဲထားတော့၊ ဒီလိုပဲ ကင်တင်းလဲ ဘယ်သူမှ မသွားချင်ရင် တစ်ယောက်ထဲ သွားစားလိုက်တာပဲ၊ အချို့က ကင်တင်းမှာ တစ်ယောက်တည်းတောင် မစားရဲဘူးဆိုပဲ)


ကိုယ့်ယောင်္ကျားနဲ့ Joint-account မထားချင်ဘူးတဲ့။ (မထားချင်ဘူးအဲဒါတော့။ ဒါပေမယ့် မထားချင်လဲ ထားနေရတာပါပဲ။ တော်ကြာပျော့ချွဲချွဲ မိန်းမတစ်ယောက်ယောက်နောက် ရှိစုမဲ့စုငွေတွေပါသွားရင် ကိုယ်ပဲ ဒုက္ခရောက်ကျန်ခဲ့ဦးမယ်.. ဖွဟဲ့.. ဖွဖွ)


ဘယ်တွေလျှောက်သွားနေလဲ၊ ဘာတွေလုပ်နေလဲ ပြောချင်မှပြောမယ်။ ပြောဖို့လဲ သတိရချင်မှရမယ်တဲ့… (ကိုယ်ဘယ်သွားနေလဲ ဘာလို့ လူတိုင်းကို သတင်းပို့ရမှာလဲကို နားမလည်တာ။ ငယ်ငယ်ကဆို မေမေနဲ့ တကျက်ကျက်။ သူငယ်ချင်းတွေနဲ့ ကွင်းထဲ ဂစ်တာသွားတီးရင်တီးမယ်၊ ဗြိတိသျှစာကြည့်တိုက်မှာ တစ်နေကုန် စာအုပ်ဖတ်သလိုလိုနဲ့ ငိုက်ချင်ငိုက်နေမယ်။ ညနေစောင်း မီးရထားလမ်းကြောင်းတစ်လျှောက် သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးချင်စီးမယ်။ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ။ ဘာလို့ပြောရမှာလဲကို မသိတာ။ မှတ်မိသေးတယ် အဲလို ညနေစောင်းတွေမှာ စက်ဘီးစီးပြီးပြန်လာရင် မေမေ့ အရိပ်လေးကို ခြံထိပ်မှာ ဖျတ်ကနဲတွေ့ရတတ်တယ်။ မေမေ ထွက်မျှော်နေတာသိသားပဲ။ သူမျှော်နေတာသိရင် ကိုယ်စိတ်ဆိုးမှာစိုးလို့ အိမ်ထဲ ဖျတ်ကနဲဝင်သွားတာကို ဟိုးတုန်းက မကြိုက်ခဲ့ဘူး။ မေမေ သမီးဘယ်တော့မှ မဟုတ်တာမလုပ်ဘူး။ သမီးအပေါ်မှာ ယုံကြည်မှု မရှိတာမျိုးကို မဖြစ်စေချင်သလေးဘာလေးနဲ့ အမေကို ပြောခဲ့တာတွေ နောင်တရတယ်။ ခုကျတော့လဲ ဘယ်ချိန်ပြန်လာလာ မေမေက စိတ်မပူပြန်တော့လဲ တစ်ခါ မပူရကောင်းလားဖြစ်ပြန်ရော…)


တစ်ခါတစ်ခါ arrogant ဖြစ်တယ်ဆိုပါလား (အင်.. အဲဒါကြီးကတော့ မဟုတ်ဘူးထင်ပါတယ်ကွယ်)


ကုမ်ရာသီဖွားမိန်းမတွေဟာ တစ်ခါတစ်ခါ သူတို့သုံးလိုက်တဲ့ စကားလုံးတွေဟာ ဓားလိုပဲတဲ့ (အဲဒါတော့ မရည်ရွယ်ဘဲ ဖြစ်သွားရင် ဖြစ်သွားမယ်။ မင်းသုံးတဲ့ စကားတွေဟာ ငါ့ရင်ကိုထိစေတယ် ဆိုတာတွေကြားဖူးတယ်။ စကားပြောရင်တောင် သူများကိုထိခိုက်မှာစိုးလို့ စကားလုံးကောင်းကောင်းကိုရွေးသုံးပြော၊ အလိုက်အထိုက်နေတာကြာလာတော့၊ ဘယ်လိုမှ မရတော့တဲ့အဆုံး မနူးညံ့တဲ့စကားတွေထွက်လာတဲ့အခါ သူတို့ခံရခက်တာဖြစ်ပါလိမ့်မယ်။ သူကတော့ အမြဲပြောပါတယ်။ “အမြဲကောင်းပြ၊ မကျေနပ်တာရှိလဲ မြိုသိပ်နေပြီး ထထပေါက်ကွဲတော့ ကိုယ်ပဲခံရတာပေါ့တဲ့။ ပြောစရာရှိ တစ်ခါထဲပြောချတဲ့” အဲသလိုမျိုး တမင်လုပ်နေတာမဟုတ်ဘူး။ အလိုလိုကိုဖြစ်နေတာ။ မြုံမြုံနေတာခက်တယ်။ နောင်ဆို အမြဲပဲ ကြမ်းပြတော့မယ်.. တစ်ကယ်…)


သဘာဝပြုပြင်ရေးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်လျှောက်ရေးတွေမှာ အမြဲပါဝင်တယ်တဲ့ (အဲဒါကတော့ ကိုယ်ယုံကြည်လို့ အုတ်တစ်ချပ်သဲတစ်ပွင့် လုပ်တာပါ၊ ဘယ်သူမှလဲသိစရာမလိုပါဘူး)


Conventional မဖြစ်ဖူးတဲ့ (ဒါက ဘယ်သူမှကို မဖြစ်သင့်ဘူးလေ.. မဟုတ်ရင် ကျောက်ခေတ်လူသားတွေ ဘ၀ကကို တက်မှာ မဟုတ်တော့ဘူး။ social norms တွေနောက် အမြဲတော့ လိုက်မနေသင့်ဘူး)


ကမ္ဘာကြီးဟာဆိုးဝါးလှပါလားဆိုပြီး ထိုင်ငြီးမနေတတ်ဘူးတဲ့ (အဲ.. မဟုတ်ဘူးထင်တယ်။ ကိုယ်ငြီးတတ်တယ်ထင်တယ်၊ ကမ္ဘာကြီးနဲ့တော့ မချီပါဘူးလို့.. ထင်တာပါပဲ)


sensitive, intellectual, honest, direct and utmost caring ရှိတယ်တဲ့ (ဒါကတော့ ကိုယ်ဘယ်ပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေလဲအပေါ်မှာ မူတည်ပါတယ်။ အမြဲတမ်းတော့ မမှန်ပါဘူး)


ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းလို့ divine spirit ကိုမျှော်ကြည့်တတ်တယ်တဲ့ (အင်…သူပြောပုံနဲ့ဆိုရင် ဘာသာတရားတစ်ခုခုကို ယုံကြည်သက်ဝင်ကျင့်ကြံသူတိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုနည်းသူတွေဖြစ်ရပြီကော။ ငါယုံကြည်တာကမှ မှန်တယ်ဆိုတဲ့အထဲတော့ မပါတာသေချာပါတယ်။ divine spirit ကို ယုံကြည်တာမှန်ပေမယ့် ကိုယ့်လက်ကိုယ့်ခြေ၊ ကိုယ့်ဦးနှောက်ကိုလဲ ကိုယ်ယုံကြည်ပါသေးတယ်)


အမျိုးရထားတစ်ခုခုမှာ ပျင်းသွားရင် ထွက်ခွာသွားဖို့ ၀န်မလေးဘူးတဲ့ (အဲဒါတော့ဟုတ်တယ်။ ဘယ်လိုမှ မကြိုက်တော့ဘူးဆိုရင် မကြိုက်တော့ဘူး။ ရည်းစားဟောင်းတွေကို ပြန်တွေ့ရင် ရင်ခုန်တာတွေဘာတွေမပြောနဲ့ သူတို့ကိုကြည့်ပြီး သမ်းတောင်သမ်းချင်တယ်။ ဒီကြားထဲ အချို့တွေက အိညှောင်ညှောင် လာလုပ်ရင် ကြက်သီးတွေဘာတွေထပြီး ထွက်ကိုပြေးချင်တော့တာပါပဲ)


အိမ်ထောင်ရေးသာယာအောင် အစွမ်းကုန်ကြိုးစားတတ်တယ်တဲ့ (ဒါကတော့ အရေးကြီးတယ်။ အိမ်ထောင်ရှိသူတိုင်း ကြိုးစားသင့်တဲ့အရာပါ။ ငွေတွေအများကြီး ရှာပေးနိုင်တာထက်၊ မျှမျှတတတွေးခေါ်တတ်တဲ့၊ ကြင်နာပြီး စိတ်ထားဖြူစင်တဲ့ မိသားစုစိတ်ဓာတ်ရှိတဲ့၊ သစ္စာရှိတဲ့၊ အခြားမိန်းမတွေကို သက်မဲ့အရာတွေလို့မြင်တဲ့ (အဲ.. မဟုတ်သေးပါဘူး၊ ဒါဆိုလဲ လူကြောင်ဖြစ်နေဦးမယ်) အိမ်ထောင်မှုကိစ္စတွေကို စိတ်ဝင်စားပြီးကူလုပ်တဲ့၊ စကားလဲမများတဲ့ ယောင်္ကျားတွေကို ရထားတဲ့မိန်းမတွေဟာ သိပ်တော့ကြိုးစားစရာမလိုလောက်ပါဘူး --- နည်းသေးတယ်ထင်တယ်၊ ဘာတွေထပ်ထည့်ရင်ကောင်းမလဲ)


လူတွေကို ကူညီတတ်တယ်တဲ့ (ဒါကတော့ အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ဘယ်လောက်ကူညီကူညီ၊ အသိမှတ်ပြုခြင်းမခံရရင် ခံရတာတမျိုးပဲ.. ဒီလိုပါပဲ လောကမှာ တစ်သက်လုံးကူညီလာပြီး အခြေအနေကြောင့် တစ်ခါလောက်အကူအညီမပေးနိုင်ရင် လူတွေက မကြိုက်ချင်ဘူး။ အဲသလိုအခါမျိုးနဲ့ကြုံရင် “လူ၏အကြိုက် ဆယ်ခါလိုက်လဲ၊ မလိုက်တစ်ခါ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ စွဲမှတ်ယူ၏..” လို့ တစ်ယောက်ထဲ အကျယ်ကြီးကဗျာရွတ်လိုက်ရင် စိတ်ချမ်းသာသွားတာပါပဲ…)


ဒီရာသီဖွား မိန်းမတွေဟာ အတွေးအခေါ်ပွင့်လင်းသူတွေမို့ သူများတွေကို တရားမဟောဘူးတဲ့ (အတွေးအခေါ် ပွင့်လင်းလားမပွင့်လင်းလားတော့ ကိုယ့်ကိုကိုယ် သေချာမသိပါဘူးလေ။ ဘယ်သူတွေမှ ကိုယ်လုပ်သလို၊ ကိုယ်တွေးသလို လိုက်လုပ်စရာ၊ လိုက်တွေးစရာမလိုဘူး လို့တော့ထင်ပါတယ်။ လွတ်လပ်စွာတွေးကြ၊ ပြီးတော့ လုပ်ချင်တာလုပ်ကြ။ ပတ်ဝန်းကျင်မှာရှိတဲ့ လူသားတွေကို မထိခိုက်မနစ်နာရင်ပြီးတာပါပဲ။ ကိုယ်ထင်တာမှ မှန်တာမှ မဟုတ်တာ။ ရင်ဖွင့်ရုံကလွဲလို့ ကိုယ်ရဲ့အိုင်ဒီယာတွေကို သူများတွေအပေါ်မှာ impose မလုပ်လိုပါဘူး။ ကမ္ဘာကြီးမှာ အတွေးအခေါ်တစ်ခုတည်းဆိုရင် ဘယ်လိုမှ မဖြစ်သေးပါဘူးလေ။ အဲသလိုမတူညီတဲ့ အတွေးအခေါ်တွေရှိနေမှုတစ်ခုဟာ နေထိုင်နေတဲ့ ဒီကမ္ဘာကြီးကို တနည်းနည်းနဲ့ ချိန်ခွင်လျှာမျှစေနေတယ်လို့ထင်ပါတယ်။ ဒါကြောင့် လွတ်လပ်စွာနဲ့ အေးချမ်းရင့်ကျက်စွာ သဘောထားကွဲလွဲကြတာမျိုးမကောင်းဘူးလား…)


အခြားသော ကုမ်ရာသီဖွား မိန်းကလေးတွေကော သူတို့ပြောတာတွေ မှန်၊မမှန် ကော့မန့်လေးများ ရေးပေးသွားကြပါ။ ကိုယ့်ဘလောဂ်မှာ ရေးချင်တယ်ဆိုလဲ ရေးလို့ရပါတယ်။ ကျမ လာဖတ်ပါမယ်။ ဘယ်သူက ဘယ်လမွေးမှန်း တိတိကျကျမသိလို့ပါ။


hut1.png



Comments from AinChannMyay.com

ယောက်ျားလေးတွေ အတွက်ကကော အစ်မ နဲ့ ကျနော်က မွေးရက် ၃ ရက်ပဲ ကွာတယ်ဆိုတော့း) သိရင် လင့်ပေးအုံး ဘယ်မှာသွားဖတ်ရမလဲဆိုတာ ။
Comment by မောင်မျိုး — May 28, 2009 @ 11:41 pm

ကိုယ့်ဘာသာကိုယ် ဘယ်ရာသီဖွားလည်း လို့ ကြည့်လို့ရတဲ့နေရာလေးပါ ပေးပါဗျ၊ ကျွန်တော်က ဂဏန်း ရာသီဖွားထင်တယ်၊ ဂလန့် တိုက်တတ်တာတော့ သေချာလို့…. :P
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 29, 2009 @ 12:56 am

မမရေ မီးက ကုမ်ရာသီဖွားတော့မဟုတ်ဘူး၊ ဒါပေမယ့်ဖတ်သွားတယ်နော်။ မမပျော်ရွှင်ပါစေရှင်။
Comment by thumalay — May 29, 2009 @ 1:59 am

မွေးတဲ့ရာသီ မတူပဲနဲ့ စရိုက်တွေက တူနေသလိုလိုကြီး … သူရေးတာကပဲ အရမ်းယျေဘုယဆန်နေသလား မသိ.. မသိတော့ပါဘူး.. အစ်မရေးတာပဲ ဖတ်သွားတယ်.. ရယ်ဖို့ကောင်းတယ်..
Comment by ShwunMi — May 29, 2009 @ 9:44 am |

မောင်မျိုး၊ ကျား၊ သူမလေး၊ ရွှန်းမီ..
အဲဒါတွေက အကုန်မမှန်ပါဘူး။ ယေဘူယျတွေ..မလေး အပျော်လျှောက်ရေးထားတာ၊ လူတိုင်းတွက် မှန်နိုင်တဲ့ဟာမျိုးကြီးး)
Comment by မလေး — May 29, 2009 @ 11:43 pm

အဲသလို ရာသီဖွားတွေအကြောင်းအရင်ကတော့ ဖတ်ဖူးတယ်..။ တစ်ချို့ဟာတွေတော့မှန်ပါတယ်.. ဒါပေမယ့်ဒီရာသီမှာမွေးတာနဲ့ဘဲ အဲသလိုဖြစ်ရတော့မလား။
အပျော်ဖတ်ဖို့အတွက်တော့ ကောင်းပါတယ်..။
Paris Hilton ကြီးမလှပါဘူး… ။ နံပတ်(၈)အချက်က တွေးစရာမေးစရာလေးတွေဖြစ်နေတယ်.. ရှင်းပြပါ..။
Comment by Phyo Evergreen — May 31, 2009 @ 9:03 am

ကျွန်တော်က မကာရ ရာသီဖွားဗျ…
ရှင်းရှင်းလင်းလင်းပဲကြိုက်တယ် ..
ဘာမှ မကာဘူး
ရေးချိုးရင်တော့ .. ဟီဟိ အဲ ဒါ ချွင်းချက် ဗျိုး ..
သူငယ်ချင်း နေကောင်းပါစေနာ်
မတွေ့တာတော်တော်လေးကြာနေပြီမို့
Comment by nainai — June 1, 2009 @ 7:32 am

မလေး ခရီးလွန်ရာက ပြန်ရောက်လို့ သတိတရရောက်လာပါတယ် မလေးနဲ့အကုန်လုံးကို တူတယ်လို့ မွန်လဲထင်တယ် arrogent လဲတူပါတယ် ဟတ်ဟား
Comment by မွန် — June 1, 2009 @ 7:53 am

မလေးရေ၊ အတိုင်းထက်အလွန်ကျေးဇူးပါ။ ဇော်ဂျီဖောင့် ကူးပြီး ခုလိုမြန်မာလို ရေးနိုင်တာမို့ လေ၊နို့ မဟုတ်ရင် အင်္ဂလိပ်လိုရော၊ကွန်ပျူတာပါ သိပ်မကျွမ်းတဲ့ ညီမလေးအတွက် တန်ဖိုးအရမ်းရှိပါတယ်။ မမနဲ့ ညီမလေး ရာသီဖွားမတူဘူး။ ဒါပေမယ့် တော်တော်များများတူတယ်။ ခဏခဏလာလည်မယ်နော်၊
Comment by maylay — June 2, 2009 @ 8:16 am

မလေးရေ.. ကုမ်ရာသီဖွားမဟုတ်ပေမယ့် တစ်ချို့ အချက်တွေဆင်နေသလိုပါပဲ..
အ၀တ်အစားဝတ်တာတော့ ညီမလဲ အဆင်ပြောတာပဲဝတ်တတ်တယ်.. မလေးပြောသလို Paris Hilton လိုလှချင်လို့ ကိုယ့်မျက်နှာလောက်နီးနီးကြီးတဲ့ မျက်မှန်တွေဘာတွေ အဆင်မပြေတဲ့ ဒေါက်မြင့်ဖိနပ်တွေ ၀တ်လို့မရဘူး :D
ပြီးတော့ မလေးပြောသလို အိမ်သာ တစ်ယောက်ထဲမသွားရဲတဲ့ သူငယ်ချင်းတွေကိုလဲ နားကိုမလည်နိုင်ဘူး.. အဲဒီအချက်လဲတူတယ် :D
Comment by Phu Mon — June 2, 2009 @ 8:21 am

အိမ်ထောင်ရေး သာယာအောင် အစွမ်းကုန် ကြိုးစားတယ် ဆိုတဲ့ အပိုဒ်မှာ ထပ်ဖြည့်ချင်လား မလေး :P
(၁)နားလည်မှု ရှိပြီး ကိုယ့်မိန်းမ ရဲ့ အားနည်းချက်တွေကို ကူညီဖြည့်ဆည်းပေးတတ်တဲ့
(၂) ဥာဏ်ရည်မြင့်ပြီး ပြသနာတွေကို အဆင်ပြေဆုံး ဖြေရှင်းပေးတတ်တဲ့
(၃) သူကိုယ်တိုင်က စကားမများပေမယ့် မိန်းမက ပြောလာရင်တော့ စိတ်ရှည်လက်ရှည် နားထောင် ပေးတတ်တဲ့
ဟိဟိ … ဒါလောက်ဆို တော်ပြီလား မလေးရေ
လိုချင်သေးရင် ထပ်စဉ်းစားပေးမနော်
လှိုင်
Comment by ခွန်မြလှိုင် — June 7, 2009 @ 9:44 am

အဟ…အားလုံးတူနေတယ်။ အစ်မရေ ညီမက ကုမ်ရာသီဖွားပါ။ ၁၄ ဖေဖော်ဝါရီ (ဗိုလ်ချုပ်အောင်ဆန်းထက် ၁ ရက်ကြီး/ (ဗိုလ်ချုပ်မျိုးဟေ့) …အဟ…အကုန်ကိုတူနေတာ။ အဲဒီအတိုင်းပဲ။ ကိုယ်က ကုမ်ရာသီဖွားမို့လို့လား တော့မသိ။ ဒီပို့စ်ကို အကြိုက်ဆုံးဗျ။
Comment by smm — June 9, 2009 @ 3:50 am

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Wednesday, May 27, 2009

အချစ်မှာ…

ဒီကုန်တိုက်ထဲကိုရောက်တိုင်း သူ့ကို တွေ့လေ့ရှိတယ်။ မျက်နှာသွယ်သွယ်၊ မေးရိုးကားကားမှာ ဆံပင်ရှည်ကို နဖူးနောက်ကို အကုန်သပ်တင်ပြီး နောက်မှာစည်းထားတတ်တယ်။ ရှပ်အကျီ င်္လက်တိုရိုးရိုး အမြဲဝတ်လေ့ရှိပြီး မျက်နှာချိုချိုရှိတဲ့သူဟာ လူနီသွေး ပါပုံရတယ်။ သူက ဒီကုန်တိုက်ထဲက သူလိုဈေးဝယ်နေကျ၊ မျက်မှန်းတန်းနေကျ သူတွေကို ပြုံးပြလေ့ရှိတယ်။ သူ့ရဲ့အ၀တ်အစားတွေက ပြောင်ရောင်မနေပါဘူး။ သပ်သပ်ရပ်ရပ်ရှိတယ်ဆိုရုံပဲရှိတယ်။ သူ့ကို ဆိုင်တန်းတွေနားမှာတွေ့တတ်သလို၊ စားစရာတွေရောင်းတဲ့ နေရာနားတစ်ဝိုက်မှာလဲ တွေ့ရတတ်တယ်။ တစ်ခါတစ်ခါ စားပွဲတစ်ခုခုမှာ သောက်စရာဖျော်ရည်လို၊ ကော်ဖီခွက်လို တစ်ခုခုကိုချပြီး အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေတတ်တယ်။ တစ်ခါတစ်ခါတော့လည်း သူငယ်ချင်းတစ်ယောက်ယောက်နဲ့ စကားလက်ဆုံကျနေတတ်တယ်။


တစ်နေ့တော့ ပို့စကဒ်တွေရောင်းတဲ့ ဆိုင်ထဲတစ်ခုထဲမှာ ပို့စကဒ်လှလှလေးတွေကို ကြည့်နေတုန်း ဆိုင်ထဲမှာ ရောက်နေပြီးသား သူ့ကိုလှမ်းတွေ့လိုက်တယ်။ သူက ပို့စကဒ်တန်းရဲ့ ဟိုးဘက်ထောင့်မှာ ပို့စကဒ်လေးတစ်ခုကို လှမ်းယူပြီး ပြုံးပြုံးလေး ငုံ့ကြည့်နေတယ်။ အဲဒီအချိန်မှာ ဆိုင်အလုပ်သမားလေးက သူ့အနားကို ကပ်လာတယ်။ ပြီးတော့ စကားတစ်ခွန်းပြောလိုက်တယ်။


“၀မ်းနည်းပါတယ်ခင်ဗျာ၊ ခင်ဗျားကို ဒီဆိုင်ထဲမှာ လက်မခံနိုင်တော့ပါဘူး”

“ဗျာ.. ဘာဖြစ်လို့လဲ”

“ဒီဆိုင်ကို ဘယ်တော့မှ မလာပါနဲ့တော့”

“ကျနော် ဒီဆိုင်ထဲမှာသာမက ဒီကုန်တိုက်မှာရှိတဲ့ ဆိုင်တိုင်းနီးပါးက ဆိုင်အလုပ်သမားတွေနဲ့ ခင်နေတာပဲလေ၊ ကျနော် ဘာများလုပ်မိလို့လဲ”

“ကျနော်တို့ဆိုင်ထဲမှာ ပစ္စည်းတွေ ပျောက်ပျောက်နေတယ်”

“အဲဒါ ကျနော်နဲ့ဘာဆိုင်လဲဗျ”

“ဆိုင်တာမဆိုင်တာထက် ကျနော်လဲ ကျနော့အလုပ်ရှင်က ပြောခိုင်းလို့ ပြောရတာပဲခင်ဗျာ၊ ခင်ဗျား ဒီဆိုင်ကို ဘယ်တော့မှ ပြန်မလာပါနဲ့တော့”

“ကောင်းပြီလေ”

သူက စကားများများ ပြန်မပြောတော့ဘဲ၊ လက်ထဲက ပို့စကဒ်ကို သူ့နေရာမှာ သူပြန်ထားပြီး ကျမဘေးမှ ဖြတ်လို့ ဆိုင်ပေါက်ဝဘက်ကို ထွက်သွားပါတော့တယ်။ ကျမလဲ မျက်နှာပူပူနဲ့ လက်ထဲက ပို့စကဒ်တစ်ခုကို ငုံ့ကြည့်နေရင်း သူ အပေါက်ဝကို ရောက်လောက်ခါနီးတော့ လှမ်းကြည့်လိုက်တယ်။ သူကလဲ ကျမတို့ အတန်းဘက်ကို သမင်လည်ပြန်လှည့်ကြည့်ပြီး ထွက်သွားပါတော့တယ်။ လက်ထဲက ပို့စကဒ်ကို ငေးကြည့်ရင်း ဒီလောက်ဈေးဝယ်သူတွေအများကြီးထဲမှာမှ သူ့ကိုမှ ဆိုင်ရှင်တွေက သူခိုးလို့ထင်သလဲလို့ စိတ်မကောင်းပဲတွေးနေမိတယ်။


ကျမလဲ အိမ်ပြောင်းသွားပြီးတဲ့နောက်ပိုင်း အဲဒီကုန်တိုက်ဘက်ကို အရောက်နည်းသွားခဲ့တယ်။ တစ်နေ့တော့ အဲဒီကုန်တိုက်ဘက်ကို ပြန်ရောက်တယ်။ ကုန်တိုက်ကြီးက ပိုပြီးခမ်းနားလာတယ်။ ယူနီဗာစီတီတစ်ခုရဲ့ အခွဲကလည်း အဲဒီကုန်တိုက်ထဲမှာ လာဖွင့်တော့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဈေးဝယ်သူတွေနဲ့ တော်တော်လေး စည်ကားနေတယ်။ မုန့်ဆိုင်တန်းတွေရှေ့က စားပွဲခုံတစ်ခုမှ ထိုင်ရင်း အအေးတစ်ခွက်ကိုသောက်ရင်း ဟိုငေးဒီငေးနဲ့ လိုက်ငေးနေတယ်။ ပို့စကဒ်ဆိုင်လေးလဲမရှိတော့ဘူး။ ပို့စကဒ်ဆိုင်နေရာမှာ ဖိနပ်ဆိုင်တစ်ဆိုင်က အစားထိုးနေရာယူထားတယ်။ အချို့ဆိုင်ဟောင်းတွေနေရာမှာလဲ အခြားဆိုင်သစ်တွေက နေရာယူထားကြတယ်။ ဟိုငေးဒီငေးနဲ့ ခပ်လှမ်းလှမ်းက စားပွဲတစ်ခုမှာ စုံတွဲလေးတစ်တွဲထိုင်နေတာကို သတိပြုမိလိုက်တယ်။ သေသေချာချာကြည့်လိုက်တော့ ဆံပင်ရှည်ရှည်နဲ့သူ။


သူက အရင်လိုပဲ ဆံပင်ကို သပ်သပ်ရပ်ရပ်နဲ့ နောက်ကိုလှန်ပြီးစည်းထားတယ်။ ရှပ်အင်္ကျီအဖြူလက်တိုဝတ်ထားတဲ့သူဟာ ကော်ဖီခွက်နှစ်ခွက်ကို ရှေ့ချပြီး ပြုံးပျော်နေတယ်။ သူ့ဘေးက မိန်းကလေးကတော့ ရွှေရောင်ဆံပင်နဲ့ လူဖြူမလေးတစ်ဦး။ သူတို့နှစ်ဦးရဲ့ ကွဲပြားမှုကို ပီပီထင်ထင်မြင်နေရတယ်။ သူကလူနီ၊ သူမက လူဖြူ။ သူက ပိန်ပိန်၊ သူမက ပေါင်ချိန်၂၀၀လောက်တောင်ရှိနိုင်တယ်။ သူ့ရဲ့ဆံပင်တွေက နက်မှောင်သန်စွမ်းသလောက်၊ သူမဆံပင်တွေက ပြောင်းဖူးမွှေးတွေလို ပါးပါးလျလျ။ တူညီတာတစ်ခုကတော့ သူတို့နှစ်ယောက်လုံး အရမ်းပျော်နေကြတယ်။ သူက သူမလက်ဖ၀ါးလေးကို မသိမသာဆုပ်ကိုင်ထားပြီး တစ်ချက်တစ်ချက် ငုံ့ငုံ့နမ်းတယ်။ သူမက ကျေနပ်စွာနဲ့ ခေါင်းလေးမော့ပြီး ရယ်မောလိုက်တယ်။ တစ်ခါတစ်ခါ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြီးကြည့်နေကြတယ်။ အချစ်ဆိုတာ အရောင်တွေ၊ အလေးချိန်တွေ၊ လိုအပ်ချက်တွေနဲ့ ဘာမှ မသက်ဆိုင်ပါလားဆိုတဲ့ အတွေးနဲ့ သူတို့ကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်မိတယ်။ သူက ကျမကိုလှမ်းတွေ့သွားတယ်။ မျက်လုံးတွေက မှတ်မိသွားသလို အရောင်ပြောင်းသွားတယ်။ ခဏနေတော့ သူတို့ ပြန်ဖို့ပြင်ဆင်လိုက်ကြတယ်။ အအေးခွက်ကို ငုံ့သောက်နေရင်း သူတို့စုံတွဲ ကျမထိုင်နေတဲ့ ရှေ့ကဖြတ်သွားနေတယ်ဆိုတဲ့ အသိကြောင့် ခေါင်းမော့ပြီး ကြည့်လိုက်တယ်။ သူက ကျမကို တစ်ချက်လှမ်းကြည့်တယ်။ ကျမတို့ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြလိုက်ကြတယ်။ သူတို့ခပ်လှမ်းလှမ်းရောက်သွားတဲ့အထိ ကျမ ပြုံးပြီးငေးကြည့်နေမိတယ်။


သူတို့နှစ်ယောက်ရဲ့ ဘီးတပ်ကုလားထိုင်လေးတွေ လူအုပ်ထဲမှာ ပျောက်ကွယ်သွားတဲ့ အထိပေါ့…။

hut1.png



Comments from AinChannMyay.com


Ouch!
ထိတယ် မလေးရေ…
သူတို့နှစ်ယောက်ရဲ့ ဘီးတပ်ကုလားထိုင်လေးတွေ လူအုပ်ထဲမှာ ပျောက်ကွယ်သွားတဲ့ အထိပေါ့…။
လုံးဝကို ထင်မထားတဲ့ ဇာတ်သိမ်းခန်းပဲ.
Surprise တွေ အရမ်းလုပ်တတ်တဲ့ မလေး… ပန်းပင်လေးတွေ မစိုက်သေးဘူးလား. နွေရောက်နေပြီလေ…း)
ပျော်ရွှင်ချမ်းမြေ့ပါစေ မလေးရေ.
ခင်တဲ့..
Y.
Comment by Yan — May 27, 2009 @ 5:08 pm

အချစ်မှာ…ဆိုတာလေးကို
ဖတ်ရှူခံစားသွားပါတယ်
Comment by ကံကောင်းသူ — May 27, 2009 @ 7:31 pm

အချစ်မှာ… တဲ့လား အိမ့်ရယ်…
တယောက်နဲ့ တယောက် နားလည်မှုတွေ အပြည့်နဲ့  အေးအေးချမ်းချမ်း ချစ်သွားကြရင် အားနည်းချက်တွေဆိုတာ မြူတမှုန်မှ ရှိမှာ မဟုတ်တော့ဘူးနော်…
ဒါလေးဖတ်ရတာ စိတ်ချမ်းသာလိုက်တာ…
Comment by တန်ခူး — May 27, 2009 @ 8:41 pm

ဖတ်သွားတယ် မလေးရာ၊ ခံစားကြည့်တာတော့ အူလည်လည်ဖြစ်နေတယ်၊ လိုက်မမီဘူးဗျ…။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 27, 2009 @ 9:13 pm

မလေးရေ ပို့စ်လေးဖတ်ပြီး
အချစ်အကြောင်း ကိုယ်တိုင် ရေးတတ်ချင်တယ် ရေးမထွက်တာလား၊ ရေးထွက်ချင်တယ် ရေးမတတ်တာလား သိတော့ဘူးကွယ်။
Comment by sonata-cantata — May 27, 2009 @ 10:18 pm

အလွမ်း
နွေမှာကြွေတဲ့ သစ်ရွက်ကို ကြည့်ပြီးအားငယ်တာလား
ဆောင်းမှာဝေတဲ့နှင်းလိုပျောက်ကွယ်မှာ စိုးတာလား
မိုးမှာကျတဲ့ မိုးစက်ကို သနားတာလား
တကယ်တော့ အဝေးမှာ ရှိတဲ့ချင်သူလေးကိုလွှမ်းနေတာပါ…………………………….
Comment by tin hlaing win — May 27, 2009 @ 10:45 pm |

layaung89 လရောင်89
mandaly ကညီမလေးရေသတိရရင် တစ်ရက်တော့ငိုပေးပါကွာphone လည်းဆက်ပါအုံးjune{3}ကလရောင်မွေးနေ့နော်
Comment by tin hlaing win — May 27, 2009 @ 10:55 pm

Yan … လောလောဆယ်တော့ မြက်ပဲနှုတ်နေတယ် ကိုရန်ရေ့
ကံကောင်းသူ… ကံကောင်းသူဘလော့ဂ်လဲ အမသွားလည်လိုက်တယ်။ အရမ်းလှတာပဲ။
တန်ခူး .. မလေးလဲ ကိုယ့်ဟာကိုယ်ရေးပြီး နည်းနည်းစိတ်ချမ်းသာသွားတယ်။
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … မရှင်းပြပါရစေနဲ့တော့၊ :D
sonata-cantata .. မလေးလဲ နောက်ပိုင်း ရသတွေ ရေးလို့ကို မရဘူးဖြစ်နေတယ်။ ဟိုတုန်းကရေးဖူးတဲ့ ကဗျာစာနုနုလေးတွေလိုမျိုး ထွက်ကိုမလာဘူး။
tin hlaing win … ပျောက်သောသူရှာနေတာလား၊ ကြော်ငြာဝင်နေတာလား ကိုတင်လှိုင်ဝင်းရှင်။ ဘာပဲဖြစ်ဖြစ် ကျမဘလောဂ်မှ တဆင့် ကိုတင်လှိုင်ဝင်းရဲ့ မန္တလေးမှ ညီမလေးကို ရှာဖွေတွေ့ရှိပါစေရှင်။
Comment by မလေး — May 27, 2009 @ 11:35 pm

မထင်မှတ်ထားတဲ့ ဇတ်သိမ်းခန်း ကောင်းကောင်းလေးကို ဖတ်သွားပါတယ်ခင်ဗျာ..။ တော်တော်လေး ကောင်းပါတယ်…။ အားပေးနေလျှက်ပါ ခင်ဗျာ..။ ပျော်ရွှင်ပါစေ…။
Comment by ဆည်းဆာသံစဉ် — May 28, 2009 @ 12:08 am

ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ မလေးရယ်။ အပေးအယူမျှ ကြည်ဖြူတဲ့ ဘ၀နဲ့နေရတာ အရမ်းကြည်နူးစရာကောင်းတယ်နော်။
ရောင့်ကို လာကြည့်ပြီး အိမ်လာလည်တာ ကျေးဇူးတင်ပါတယ်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — May 28, 2009 @ 12:38 am

ပို့စ်ခေါင်းစဉ်လေးကိုက လှတယ် အချစ်မှာ…………အများကြီးတွေးယူသွားတယ် အစ်မရေ့ ရင်ဘတ်နဲ့တောင်မဆံ့ဘူး ။
Comment by မောင်မျိုး — May 28, 2009 @ 1:54 am

MaMa kg lite dar.heart hti dal so dar myo.My font has not write in myanmar,I don’t know why?May be have your wishes.hae hae tate ma yae tat dawt buu.
Comment by maylay — May 28, 2009 @ 3:00 am

အချစ်မှာ… ကို လာခံစားသွားပါတယ် မလေး။
ဘီးတပ်ကုလားထိုင်နဲ့လို့ မထင်မှတ်ပဲ သိလိုက်ရတော့
ပိုချိုမြိန်သွားသလိုပဲ။
Comment by အပြုံးပန်း — May 28, 2009 @ 6:02 am

ဘလော့လေးကိုမြင်လိုက်ကတည်းက တမျိုးပဲဗျာ..။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိလိုက်တာဗျာ ။ ဒါနဲ့ စာလေးတွေဖတ်ပြီး အမှတ်တရ ရေးချင်တာနဲ့ Cbox လိုက်ရှာတာ မတွေ့ တာနဲ့ ဒီဝတ္တုလေးအောက်မှာပဲ ရေးခဲ့ပါတယ် ခင်ဗျာ..။ စာလေးတွေ အရမ်းဖတ်လို့ ကောင်းတယ်ဗျာ… သြော်. ဒါနဲ့ လာလည်ဖို့ လည်းဖိတ်သွားပါတယ် ဗျာ.။
Comment by စကားဝါမြေ — May 28, 2009 @ 9:01 am

အဆုံးနားလေးမှာ ဘီးတပ်ကုလားထိုင် ဆိုတာ ထပ်ထည့်လိုက်တော့ ပိုပြီး လေးနက်သွားစေတယ် မလေးရေ။ တကယ့် အဖြစ်အပျက်များလား။
Comment by ပုံရိပ် — May 28, 2009 @ 6:16 pm

ဆည်းဆာသံစဉ် … ကျေးဇူးပါဆည်းဆာသံစဉ်ရေ..
မေတ္တာရောင်ပြန် … မလေးလဲ သူတို့ကိုမြင်ရတာ စိတ်ချမ်းသာတယ်။
မောင်မျိုး.. ရှာလိုက်ရတာမောင်မျိုးရေ.. အမဘယ်ရှာရမှန်းမသိဖြစ်နေတာ။ လင့်ခ်ထားသွားတာကျေးဇူး
မေလေး .. www.zawgyin.net မှာ မြန်မာကီးဘောဒ် ဒေါင်းလုပ်လုပ်လို့ရတယ် စိတ်ဝင်စားရင်ပေါ့။ ဘားဂလစ်ရှ်နဲ့ရေးလဲ အိုကေနေတာပါပဲညီမလေး
အပြုံးပန်း … အပြုံးပန်းရဲ့ နောက်ဆုံးပိုစ်လေး တော်တော်ကြိုက်တယ်
စကားဝါမြေ.. ကျေးဇူးတင်ပါတယ်။ နောင်လဲအမြဲလာပါလို့ ဖိတ်ခေါ်ပါတယ်ရှင်။
ပုံရိပ် .. တစ်ကယ့်အဖြစ်ပါ ပုံရိပ်။ မလေးသူ့ကို အမြဲတွေ့တယ်။ အဲလောက်ပျော်နေတာတော့ အဲဒီနေ့ကမှ တွေ့တာပါ။
Comment by မလေး — May 28, 2009 @ 7:19 pm

မလေးရေ… ကောင်းတယ်ဗျ နောက်ပိုင်းပြီးတော့မှ ဘီးတပ်ကုလားထိုင်လို့ ဖတ်ရတော့ အစပိုင်းကို ပြန်ကြည့်ရတယ် “ထွက်သွားတယ်” လို့ပဲ ရေးထားတာကိုးးး :) ခိခိ ပညာ ယူရမယ်…. ဒါလျှို့ဝှက်ချက်ပဲ..
Comment by ညလေး — May 29, 2009 @ 3:51 am

good
Comment by Mue Nein Lay — June 4, 2009 @ 7:53 am

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Friday, May 22, 2009

ကနေဒါမှာ အလုပ်ရရန် ဘယ်လိုအမည်မျိုးမှည့်မလဲ

UBC (University of British Columbia) မှ စီးပွားရေးကထိကတစ်ဦးဖြစ်တဲ့ ပေါလ်အိုရီယိုပုလိုစ်က၊ ၂၀၀၈ ခုနှစ်တုန်းက Resume' အတု ၇၀၀၀ နီးပါးကို ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့က အလုပ်ရှင်တွေဆီ အွန်လိုင်းမှတဆင့် ပိုခဲ့တယ်။ တိုရန်တိုကိုပို့ရတဲ့အကြောင်းကတော့ ကနေဒါမှာ တိုရန်တိုက မြို့နေလူဦးရေ အများဆုံးမြို့ဖြစ်လို့လို့ ဆိုပါတယ်။ အလုပ်လျှောက်သူတွေရဲ့ အမည်တွေကို အင်္ဂလိပ်အမည်၊ အရှေ့တိုင်းသားအမည် စသဖြင့် အမျိုးမျိုးပြောင်းပြီး တင်ရုံသာမက၊ အချို့အလုပ်လျှောက်သူတွေကို ဗြိတိန်နိုင်ငံမှာ အလုပ်အတွေ့အကြုံရှိသူ၊ အာရှမှာအတွေ့အကြုံရှိသူ၊ ကနေဒါမှာ အလုပ်အတွေ့အကြုံရှိသူ စသဖြင့် ပြောင်းပြီးလဲ တင်လိုက်တယ်။


အင်္ဂလိပ်အမည်တွေနဲ့ အလုပ်လျှောက်သူ ၁၀၀မှာ ၁၆ယောက်က အလုပ်ရှင်တွေဆီက ဆက်သွယ်မှုကို ရတယ်လို့ဆိုပါတယ်။ အာရှအမည်တွေနဲ့ အလုပ်လျှောက်သူတွေကတော့ ၁၀၀မှာ ၁၁ ယောက်က အလုပ်ရှင်တွေထံမှ ဆက်သွယ်မှုကို ရတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက အင်္ဂလိပ်အမည်တွေနဲ့ အလုပ်လျှောက်သူတွေဟာ အာရှအမည်တွေနဲ့ အလုပ်လျှောက်သူတွေထက် အလုပ်ရှင်တွေထံက ဆက်သွယ်မှုကို ၄၀ရာခိုင်နှုန်းပိုရတယ်လို့ ဆိုလိုတာပါ။


ပါမောက္ခပေါလ်ကတော့ အလုပ်ရှင်တွေက မသိစိတ်နဲ့ ဒီလိုမျိုးခွဲခြားမှုကို လုပ်မိတာလို့ဆိုပါတယ်။ မိမိနဲ့အသွေးအရောင်တူသူနဲ့ အတူတူအလုပ်လုပ်ချင်တဲ့ လူ့သဘာဝ၊ နောက်ပြီး အင်္ဂလိပ်နာမယ်နဲ့လူတွေဟာ အင်္ဂလိပ်စကား ပိုမိုကျွမ်းကျင်မယ်လို့ မသိစိတ်ပဲဖြစ်ဖြစ် သိစိတ်နဲ့ပဲဖြစ်ဖြစ် ထင်မိလို့ အင်္ဂလိပ်အမည်နဲ့လူတွေကို တွေ့ဆုံဖို့ ကမ်းလှမ်းတယ်လို့ သူကထင်ပါတယ်။ အိန္ဒိယ-ကနေဒီယန် စီးပွားရေးအုပ်စုရဲ့ ဥက္ကဋ္ဌကတော့ discrimination က ရှိတယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်အမည်ပြောင်းပြီး အလုပ်ရှောက်ရင်တောင် အင်တာဗြူးရရင် အလုပ်ရှင်ဟာ မိမိဘာလူမျိုးဆိုတာကို သိမှာပဲလို့ သူကဆိုပါတယ်။ ကျမရဲ့အမြင်မှာ discrimination ကတော့ တိုင်းပြည်တိုင်းမှာရှိပါတယ်။ ကိုယ်နဲ့ဘာသာမတူလို့၊ အယူဝါဒမတူလို့၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုမတူလို့၊ အသားအရောင်မတူလို့ စသဖြင့် ခွဲခြားမှုကတော့ တိုင်းပြည်တိုင်းမှာရှိကြတယ်၊ လူမျိုးစုတိုင်းမှာရှိတယ်။ လူတိုင်းရဲ့ မသိစိတ်ထဲကော သိစိတ်ထဲမှာကော ရှိပါတယ်။


{ဒီနေရာမှာ ကျမ အဖြစ်တစ်ခု ပြောပြချင်ပါတယ်။ ကျမတို့ ငယ်ငယ် ရှစ်တန်းတုန်းက သင်္ချာဆရာမက ကျောက်သင်ပုန်းပေါ်မှာ သင်္ချာစတွက်တာနဲ့ အောက်က ကျောင်းသူတွေအားလုံးက ဆရာမ အသင်တောင်မစောင့်ဘဲ ဆရာမနဲ့အတူတူ တွက်တော့တာပါပဲ။ အေခန်းကလဲဖြစ်တော့ တန်းလုံးကျွတ်နီးပါး ဆရာဝန်လိုင်းဝင်မယ့်အငှာတွေနဲ့ပေါ့ အဲဒီခေတ်ကဆရာဝန်လိုင်းက မြန်မာပြည်မှာ အမှတ်များတယ်... ကနေဒါမှာတော့ ဆရာဝန်ဖြစ်မှ လူဖြစ်တာမဟုတ်ပါဘူးဆိုတော့ ဆရာဝန်လိုင်းကို အမှတ်များတာတစ်ခုထဲနဲ့ ၀င်ခွင့်မရပါဘူး။၊ မြန်မာပြည်မှာလဲ ဆရာဝန်ဖြစ်မှ လူဖြစ်တာမဟုတ်ပါဘူး.. အဲရှုပ်ကုန်ပြီ။ ကျွန်မဆိုလိုတာ အခြားမြင့်မြတ်သော အသက်မွေးဝမ်းကျောင်းမှုတွေများစွာရှိပါတယ်လို့ ဆိုလိုတာပါ (မြင့်မြတ်သော၊ နိမ့်ကျသော အသက်မွေးဝမ်းကျောင်းမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကတော့ မိမိပေါ်မှာပဲ မူတည်ပါလိမ့်မယ် -- ရှင်းရင်ပိုရှုပ်တယ်ဆိုတာ အဲဒါပါပဲ :P) အဲသလို... ဆရာမက ကျောက်သင်ပုန်းမှာ သင်္ချာတွက်ပြီးတာနဲ့ အောက်က ကျောင်းသူတွေအားလုံးကလဲ အကုန်တွက်ပြီးနေပြီ။ ကြာလာတော့ ဆရာမက တော်တော်လေး စိတ်ပျက်လာတယ်။ သူက သင်စရာကို မလိုဘူးဖြစ်နေတော့ တစ်ရက်မှာ ကျောက်သင်ပုန်းပေါ်မှာ မြေဖြူလေးကိုထောက်ပြီး ဘာမှမရေးခင် အတန်းသူတွေကို ဟန်ပါပါလှည့်ကြည့်လိုက်တယ်။ လသာ၂က ဆရာမဆိုတော့ အများအားဖြင့်လဲ ဟောတ်တယ်ပေါ့နော်။ ခါးမှာ လက်ကိုင်ပုဝါလေးကို ဒိုင်းမွန်းပုံဖြစ်အောင် ခေါက်ပြီးညှပ်ထားလိုက်သေးတယ်။ သူတို့တစ်ခါမှ အဲဒီလက်ကိုင်ပုဝါတွေကို ယူပြီး ချွေးသုတ်တာမတွေ့ဖူးပါဘူး။ ပဲပေါ့..။ အဲသလိုပဲလေးနဲ့လှည့်ကြည့်ပြီး "ကဲ... မမတို့ ရှင်တို့ဘောပင်တွေကိုချပြီး နားထောင်ပါ။ နားမထောင်ရင် ကျိန်လိုက်မယ်နော်..."တဲ့။ တစ်တန်းလုံးက ဂရုမစိုက်ဘူး။ ဆရာမက "ကဲ.. ဒါဆို စာမေးပွဲကျပါစေဟယ်" တဲ့။ ငါဟဲ့ဆရာဝန်လောင်းတွေလို့ မာန်ကလေးတွေနဲ့ ဘယ်သူကမှ ဘောပင်မချဘူး။ ကျမကတော့ အဲဒီမာန်ကြောင့်မဟုတ်ပါဘူး။ ဒီလိုပဲ ဆရာမကို မျက်လုံးပြူးပြီးကြည့်နေတာပါ။ စာမေးပွဲကျတယ်ဆိုတာ အိပ်မက်တောင် မမက်ဖူးကိုး။ အဲဒီမှာ ဆရာမက "ဒါဆို ညည်းတို့တွေ ဆရာမပြောတာ နားမထောင်ပဲ သင်္ချာအပြိုင်လိုက်တွက်ရင် မုဆိုးဖို ကုလားကြီးနဲ့ရပါစေဟယ်.." တဲ့။ အဲဒီမှာ ဘောပင်တွေဟာ စားပွဲပေါ်ကို အကုန်ကျသွားတော့တာပဲ။ အဲဒီနားမှာ ဦးထီးသာရှိလို့ကတော့ "ပျိုတယ်အိုတယ်ဆိုတာ ကျဉ်းမြောင်းတဲ့ အယူအဆတွေပါဆရာမရယ်...." လို့ ပြောလေမလားမသိ။ ဆရာမက အဲဒီအဖြစ်ကို သူ့သူငယ်ချင်းတခြားဆရာမတွေနဲ့ ပြောပြောပြီးရယ်တယ်။ အတန်းထဲက ကျန်သူအများစုလဲလိုက်ရယ်တယ်။ အဲသလိုရယ်တဲ့အထဲမှာ ကျမ မပါဘူး။ ငယ်ငယ်လေးထဲက racial jokes တွေမှန်း မသိခင်ထဲက တစ်ခုခုမမှန်ဘူးဆိုတာ သိနေတဲ့စိတ်နဲ့ ရယ်ချင်စိတ်လဲမရှိလို့ မရယ်ဘူး။ အခုပြန်တွေးရင်လဲ ဆရာမလုပ်သူတွေကို နုနယ်တဲ့ကလေးတွေရှေ့မှာ သူတပါးရဲ့ ကိုယ်နဲ့မတူတဲ့ ဖြစ်တည်မှုတစ်ခုကို အခြေခံပြီး ဒီလိုဟာသတွေကို မပြောစေချင်ပါဘူး}




ရွှေ့ပြောင်းနေထိုင်လာသူများကို အကူအညီပေးတဲ့ S.U.C.C.E.S.S. ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ဒါရိုက်တာဖြစ်သူ ရော်နယ်မ ကတော့ ကနေဒါနိုင်ငံမှာ ဒီလိုမျိုးခွဲခြားမှုဟာ အလွန်နည်းတယ်လို့ ဆိုပါတယ်။ ကျမရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရတော့ ဒီလိုခွဲခြားမှုဟာ နည်းပါတယ်။ အဓိကကတော့ လူမျိုးကွဲပြားမှုထက်၊ ကနေဒါမှာ လုပ်ငန်းအတွေ့အကြုံရှိတဲ့ လုပ်သားတွေကို အလုပ်ရှင်တွေက ပိုပြီးလိုလားတယ်လို့ထင်ပါတယ်။ အလုပ်လေးတစ်ခုရဖို့ မိမိရဲ့ အမည်ကို ပြောင်းပစ်ရမှာကိုတော့ ကျမ သိပ်အားမပေးလိုပါဘူး။ ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့ အမည်ဟာ ကုမဏီရှေ့က ထူးချွန်ဆုရသူတွေရဲ့ အမည်စာရင်းမှာ ရွှေရောင်စာလုံးနဲ့ ဖော်ပြခြင်းခံရရင် ဖြစ်ရတဲ့ ပီတိဟာ ဘယ်ပီတိနဲ့မှ တူလိမ့်မယ် မထင်ပါဘူး။ မြန်မာအမည်တွေနဲ့ အောင်မြင်တဲ့ ကုမဏီကြီးတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအများကြီးကို ကျမသိပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းကြီးတွေရဲ့ အမျှော်အမြင်ရှိတဲ့ လုပ်ငန်းရှင်တွေဟာ ဘယ်လိုမျိုးအလုပ်သမားကို ရွေးပြီးခန့်ရမယ်ဆိုတာကို သိပြီးဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေကိုခန့်တဲ့အခါမှာ လုပ်ငန်းကျွမ်းကျင်မှုအပြင် personality နဲ့ attitude ကို အလေးထားပြီးကြည့်တတ်ပါတယ်။ အလုပ်ရှင်တွေရဲ့စိတ်ထဲမှာ လုပ်ငန်းမကျွမ်းကျင်ရင် သင်ပေးလို့ရတယ်၊ လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့အတွေးအခေါ်၊ လူတွေနဲ့လိုက်လျောညီထွေနေတတ်မှု (team-player) စိတ်နေစိတ်ထားဟာ ပြောင်းရခက်တယ်ဆိုတာကို အမြဲသတိထားတတ်ကြပါတယ်။


ပါမောက္ခပေါလ်ရဲ့ ရှာဖွေတွေ့ရှိချက်အရ အလုပ်ရှင်တွေဟာ သူတို့ခန့်မယ့်အလုပ်သမားတွေ ကနေဒါနိုင်ငံမှ ပညာရေးရှိတာ မရှိတာထက်၊ ကနေဒါနိုင်ငံရဲ့လုပ်ငန်းအတွေ့အကြုံရှိမှု၊ မရှိမှု ကို ပိုပြီးအလေးထားတယ်လို့ သိရပါတယ်။ Canadian Work Experience ဆိုတဲ့စကားကတော့ ကနေဒါနိုင်ငံကို ခြေချတာနဲ့ နားရည်ဝအောင် ကြားရတဲ့စကားပဲဖြစ်ပါတယ်။


အောက်ကတွေ့ရှိချက်တွေကိုတော့ စာဖတ်သူတွေ စိတ်ဝင်စားမယ်လို့ထင်ပါတယ်ရှင်။

အလုပ်သမားတွေဟာ ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံတူညီမှုရှိနေရင်တောင် အမည်ကွာခြားမှုရဲ့ ရလဒ်
အင်္ဂလိပ်အမည်နဲ့ အလုပ်သမားတွေကို လုပ်ငန်းရှင်တွေ ပြန်ဆက်သွယ်မှုဟာ ၁၅.၈%၊
အိန္ဒိယအမည်များနဲ့အလုပ်သမားများကို ပြန်လည်ဆက်သွယ်မှုကတော့ ၁၂.၁%၊
ပါကစ္စတန်အမည်များနဲ့ အလုပ်သမားများကို ပြန်လည်ဆက်သွယ်မှုက ၁၁%၊
တရုပ်အမည်များနဲ့ အလုပ်သမားများကို ပြန်လည်ဆက်သွယ်မှုကတော့ ၁၀.၈% လို့တွေ့ရှိရပါတယ်။

ပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံတွေဟာ ကနေဒါက မဟုတ်ခဲ့ရင် နိုင်ငံခြားအမည်များနဲ့ အလုပ်သမားများကို လုပ်ငန်းရှင်တွေရဲ့ ဆက်သွယ်မှုဟာ ပိုတောင်နည်းတယ်လို့ဆိုပါတယ်။


ကနေဒါနိုင်ငံမှ ပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၅.၈%၊
ဗြိတိန်နိုင်ငံမှ ပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၄.၁%၊
တရုတ်နိုင်ငံမှ ပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၅.၃%၊
ပါကစ္စတန်မှ ပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၅.၂%၊
အိန္ဒိယမှ ပညာရေးနဲ့လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၅.၁% လို့ဆိုပါတယ်။

ဗြိတိသျှအမည်များ(ဘိုနာမယ်များ)နဲ့အလုပ်သမားတွေဟာ ကနေဒါနိုင်ငံမှ ပညာရေးအတွေ့အကြုံမရှိပေမယ့်၊ ကနေဒါနိုင်ငံရဲ့လုပ်ငန်းအတွေ့အကြုံရှိခဲ့တယ်ဆိုရင်တော့....
ဗြိတိန်နိုင်ငံမှာ လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၄.၁%၊
ဗြိတိန်နိင်ငံမှာကော ကနေဒါနိုင်ငံမှာကော လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၅.၇%၊
ကနေဒါနိုင်ငံမှာပဲ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားတွေကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၂.၉%၊

တရုတ်အမည်များနဲ့ အလုပ်သမားများဟာ ကနေဒါနိုင်ငံမှ ပညာရေးအတွေ့အကြုံမရှိပေမယ့်၊ ကနေဒါနိုင်ငံရဲ့လုပ်ငန်းအတွေ့အကြုံရှိခဲ့တယ်ဆိုရင်တော့....
တရုတ်နိုင်ငံ လုပ်ငန်းအတွေ့အကြုံသာရှိသော တရုတ်အမည်နဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၅.၃%၊
တရုတ်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံမှ လုပ်ငန်းအတွေ့အကြုံရှိသော တရုတ်အမည်နဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၀.၃%၊
ကနေဒါနိုင်ငံလုပ်ငန်းခွင်အတွေ့အကြုံသာရှိတဲ့ တရုတ်အမည်နဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၉.၄%၊

အိန္ဒိယအမည်များနဲ့ အလုပ်သမားများ
အိန္ဒိယနိုင်ငံမှ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၅.၃%၊
အိန္ဒိယနိင်ငံနဲ့ ကနေဒါနိုင်ငံ နှစ်နိုင်ငံပေါင်းလုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၇.၅%၊
ကနေဒါနိုင်ငံလုပ်ငန်းခွင် အတွေ့အကြုံသာရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၂.၂%၊

ပါကစ္စတန်အမည်များနဲ့ အလုပ်သမားများ
ပါကစ္စတန်နိုင်ငံတစ်ခုတည်းမှ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၅.၂%၊
ပါကစ္စတန်နိုင်ငံနဲ့ ဗြိတိသျှနိုင်ငံ လုပ်ငန်းအတွေ့အကြုံရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၇.၈%၊
ကနေဒါနိုင်ငံလုပ်ငန်းခွင် အတွေ့အကြုံသာရှိတဲ့ အလုပ်သမားများ ကို အလုပ်ရှင်တွေရဲ့ဆက်သွယ်မှုဟာ ၁၄%၊
လို့သိရပါတယ်ရှင်။

ဒါက အင်တာဗြူးပေးဖို့ လုပ်ငန်းရှင်တွေက အလုပ်သမားများထံ ဆက်သွယ်တဲ့ နှုန်းသက်သက်ပဲဖြစ်ပါတယ်။ အင်တာဗြူးမှာ အောင်တာကျတာကတော့ အမည်တွေနဲ့ ဆိုင်တော့မယ်မထင်ပါဘူး။ အပေါ်မှာ ကျမပြောသလိုပဲ မိမိရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ စကားအပြောအဆို၊ personality နဲ့ attitude တွေက အင်တာဗြူးမှာ စကားပြောသွားပါပြီ။


source: Vancouver Sun, May22 2009

hut1.png



Comments from Ainchannmyay.com

” ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား ” ဆိုတာကို နာမည်ပြောင်းကြည့်ပေးပါလား :D စာရေးဆရာမကြီးခင်ဗျ
ဘယ် ဥက္ကဋ္ဌ ဆီကို ဆက်သွယ်ပြီး ပြောင်းရမလည်းဟင် ၊ တကယ်ကို လေ့လာအားကောင်းတယ်၊ စေ့စပ်တယ် လို့ တရားဝင်ချီးကျူးပါတယ်ဗျာ၊ မခွဲခြားဘူး၊ ခွဲခြားတယ် ဆိုတဲ့ ပညတ်ချက်တွေ ရှိနေပေမဲ့လည်း အပေါ်မှာ စာရေးသူပြောသလို အတွေ့အကြုံပေါ်မူတည်တဲ့ ထိတွေ့မှု၊ဆက်သွယ်မှုဟာ ကနေဒါမှာမြင့်မားတယ် ဆိုတာကို အခုမှ သိတာဗျ၊ :)
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 22, 2009 @ 3:34 pm

စာကြွင်းဖြစ်ပါသည်..
***ငယ်ငယ်လေးထဲက racial jokes တွေမှန်း မသိခင်ထဲက တစ်ခုခုမမှန်ဘူးဆိုတာ သိနေတဲ့စိတ်နဲ့ ရယ်ချင်စိတ်လဲမရှိလို့ မရယ်ဘူး။ အခုပြန်တွေးရင်လဲ ဆရာမလုပ်သူတွေကို နုနယ်တဲ့ကလေးတွေရှေ့မှာ သူတပါးရဲ့ ကိုယ်နဲ့မတူတဲ့ ဖြစ်တည်မှုတစ်ခုကို အခြေခံပြီး ဒီလိုဟာသတွေကို မပြောစေချင်ပါဘူး။ ***
အဖိုးတန်တယ်၊ ဒါတွေကို မြန်မာပြည်ထဲက ဆရာ/ဆရာမ အချို့၊ အပြင်က ဆရာ/ဆရာမ အချို့ ဖတ်သင့်တယ်၊ ကျွန်တော် ငယ်ငယ်က မူလတန်း တစ်လျှောက်လုံး ဆရာမ တစ်ဦး ထဲရဲ့အာဘော်နဲ့ စာသင်ခဲ့ရတာကြောင့်လားမသိဘူး၊ ဆရာမရဲ့ စိတ်ဓာတ်တွေ ပျော်ဝင်ကြီးပြင်းလာခဲ့ရတော့ သူ့ခံယူချက်အတိုင်း နေထိုင်လာခဲ့တာ အခု မလေး ပြောသလို မရယ်တတ်ခဲ့ဘူး ကြုံရာ ဆုံရာ ဟာသတွေကို။ အာစရိယ ဂုဏော အနန္တော …တကယ်ကို ဆရာ၊ဆရာမတွေ ထိန်းသိမ်းသင့်တာပါ… ။
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 22, 2009 @ 5:12 pm

Ma Ma, a yan bahututa ya dal.dee lo myo da gal shi dal in thailand and all. Malay ko sar yae chin dar BURMESE write ma ya buu. I want to tell more than each comment,but I can not write in english much.
Comment by maylay — May 23, 2009 @ 7:01 am

ကျွန်တော်လည်း အဲဒီလို ခံစားမိလို့ အလုပ်လျှောက်ရင် Resume မှာ Andy Myint နဲ့ပဲ လျှောက်တယ်။ အဆင်ပိုပြေတယ် ထင်တယ်။ ရင်းနီးပြီးသား နာမည် တစ်ခုနဲ့ဆိုတော့ Resume ကို ထပ်ဖတ်ချင်စိတ်များ ရှိသလားလို့။
Comment by Andy Myint — May 24, 2009 @ 7:23 am

အစ်မရေ သတိရတယ်..။ အမြဲရောက်ဖြစ်ပြီး ခြေရာမချန်ဖြစ်ခဲ့ဘူး..။
Comment by Phyo Evergreen — May 25, 2009 @ 1:44 am

ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား … သိပ်တွေးပြီး သူများနဲ့တူတူလိုက်မရယ်လဲ လူ့ဂွစာဖြစ်နေမှာလဲ စိုးရသေးတယ်း) ဒီလိုနဲ့ မရယ်ချင့်ရယ်ချင်လေး ငါးခူပြုံး မလေး ပြုံးတတ်လာတာပါပဲ။ နှုတ်ခမ်းမွှေးမရှိတော့ မရှိဘူးနော်..
မေလေး .. ညီမလေးပြောချင်တာကို ရေးချင်သလိုရေးပါနော် .. ဘားဂလစ်ရှ်နဲ့ရေးရင်တော့ နဲနဲပိုပြီးကြိုးစားဖတ်ရတယ်ပေါ့နော် :D
Andy Myint .. အဲဒီပါမောက္ခကတော့ ကိုအန်ဒီမြင့်တို့ ကျမတို့လို ကပြားအမည်တွေကို ထည့်မပြောထားဘူး။ ကျမတို့အမည်တွေကို ဖတ်တာနဲ့ ဥပမာ ကိုအန်ဒီမြင့်ကိုဆိုရင် ဒါယောင်္ကျားလေး non-white applicant ဆိုတန်းသိနိုင်သလို ကျမနာမည်အရင်းကို အလုပ်ရှင်တွေက ဖတ်တာနဲ့ မိန်းကလေး non-white applicant ဆိုတာ တန်းသိနိုင်တယ်။ ဥပမာ.. ချွန်ကွန်ကွင်း ဆိုပါတော့ တရုပ်မဟုတ်တဲ့ အလုပ်ရှင်က ဒါတရုပ်လူမျိုးလားမသိဘူးလို့ မှန်းနိုင်ရုံပဲရှိမယ်။ gender ကို သေချာမသိနိုင်ဘူး။ ဘေးကတရုပ်သူငယ်ချင်းတယောက်၂ကို မသိမသာ မေးနိုင်ပေမယ့် ကိုယ့်ဟာကိုယ် မသိနိုင်ဘူးပေါ့နော်။ Karen MacDonald ဆိုပြီးအလုပ်လျှောက်စာတင်သူဟာလဲ အဖြူကိုယူထားတဲ့ အဲဒီယောင်္ကျားရဲ့ last name ကိုယူထားတဲ့ အာရှသူ တစ်ယောက်ယောက်လဲ ဖြစ်နေနိုင်တယ်။ ကျမတို့မြို့က အိန္ဒိယလူမျိုးတွေကတော့ သူတို့နာမယ်တွေကို ပြောင်းပစ်တာ သိပ်ရှားလာနေပါပြီ။ အိန္ဒိယ အမည်တွေနဲ့ပဲ အဖြူအများစုနေတဲ့ တိုင်းပြည်မှာ နေနေတယ်။ မြို့တော်ဝန်တွေဖြစ်တယ်။ ဦးသန့်လိုမျိုးပေါ့။ အားကျမိလို့ပါ။
Phyo Evergreen .. ကိုဖြိုး နေကောင်းလားမောင်လေး.. ပျောက်နေကြတယ်။ အမပဲ ပျောက်နေတာလားတော့မသိ :P
Comment by မလေး — May 25, 2009 @ 11:26 am

မလေးရေ… အလုပ်တွေများပြီး ဘလောဂ့်လေး ကိုလည်း ပြန်ပြင်နေရလို့ အိမ်လည် ပျက်ကွက်နေပါတယ်။ အခုမှ လာလည်ရလို့ပါနော်။
သတိရလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — May 26, 2009 @ 10:27 pm

I JUST TRY TO SARCH BURMESE WEBSITE AND FOUND YOUR BLOG.I DON HAVE BURMESE FONT.I TRY TO LISEN YOUR MUSIC FILES.
THANK YOU
Comment by sein htay — May 27, 2009 @ 7:56 am

စာအရေးအသားရော knowledgeရော အရမ်းကောင်းတယ်…
လေးစားလျှက်…
k2tmaung
Comment by k2tmaung — June 1, 2009 @ 10:03 am

အရမ်းကောင်းပါတယ်။ ဗဟုသုတလည်းရတယ်။ မကြာခဏတော့ လာလည်ဖြစ်ပါတယ်။ ဒါပေမယ့် ခြေရာတော့ မချန်ဖြစ်ခဲ့ဘူး။
ပျော်ရွှင်ပါစေ…
မိုးနေ
Comment by မိုးနေ — June 6, 2009 @ 12:19 am

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Sunday, May 17, 2009

ပြုံးနေသော ကျမရဲ့အတ္တ

နွေရာသီရောက်လာလို့ ပျော်နေပြီး ဘလောဂ်ဘက်တောင် ခြေဦးမလှည့်ဖြစ်တဲ့ ကျမ၊ အပျော်လေးတွေ အဓွန့်မရှည်လိုက်တဲ့ သင်္ခါရရဲ့ရိုက်ခတ်မှုကြောင့် ခုတစ်ရက်နှစ်ရက်မှာ တော်တော်လေးကို စိတ်မချမ်းမသာဖြစ်နေမိတယ်။ ဘာကိုမျှော်လင့်လို့ ဘယ်သူ့ကိုယုံကြည်ရမလဲ၊ ဘယ်လို အတွေးအခေါ် အယူအဆကို ယုံကြည်ရမလဲဆိုတာကိုတော့ မသိခဲ့တာကြာပါပြီ။ အားလုံးကို အဆင်ပြေစေချင်တာကလွဲပြီး မျှော်လင့်ချက်တွေ ကုန်ဆုံးနေပြီလို့လဲ ဆိုလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထောင့်စေ့အောင် အဖက်ဖက်ကတွေးကြည့်တော့ ဖြစ်နိုင်ချေတွေ များစွာထဲမှ၊ လှည့်ကွက်တွေများစွာထဲမှ၊ သေချာတာတစ်ခုကတော့ သူမ အားလုံးအဆင်ပြေပါစေလို့ပဲ….။


မနက်စောစောစီးစီး စားပွဲပေါ်က သတင်းစာကလဲ ဖတ်သူတွေကို ဆွဲဆောင်နိုင်အောင် စာလုံးမဲကြီးနဲ့ ရေးထားပုံက “သံတိုင်တွေနောက်မှာ ငါးနှစ်“ တဲ့။ မဦးမချွတ်နဲ့ ကိုယ့်သတင်းစာ ရောင်းကောင်းရုံရေးတဲ့ သတင်းစာကို စိတ်ပျက်စွာကြည့်နေမိတယ်။ သူများတွေရဲ့ဒုက္ခကို သေချာမသိဘဲ အသံကောင်းလွှင့်အော်တတ်တဲ့ ဘစ်စနက်ဆုကြီးတွေဝတ်ထားသော နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်ဆိုသူတွေကိုလဲ ပြုံးမိတယ်။


ဒီလိုနဲ့ အခြားဘာသတင်းများထူးမလဲလို့ UTube ဘက်ကိုခြေဦးလှည့်မိတယ်။

UTube တွေလိုက်ကြည့်ရင်း ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ၀တ်လစ်စလစ်နီးပါး ကခုန်နေတဲ့ မြန်မာမိန်းကလေးတွေရဲ့ပုံရိပ်တွေ၊ ထောင့်ကိုးရာ ရှစ်ဆယ်ကိုးဆယ်လောက်တုန်းက မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲရဲ့ footage တွေ၊ ခေတ်ဟောင်းသီချင်းတွေကို remix ပြန်လုပ်ထားတဲ့ သီချင်းအပိုင်းအစတွေဟာ မျက်စိရှေ့မှာ တဖျတ်ဖျတ်နဲ့ ရုပ်ပုံကားချပ်တွေ တစ်ချပ်ပြီးတစ်ချပ်ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့။


သက်ပြင်းရှိုက်မိတယ်။

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ၀တ်လစ်စလစ်နီးပါး ကခုန်နေတဲ့ မြန်မာမိန်းကလေးတွေရဲ့ပုံရိပ်တွေ၊

ရေတွေကစိုနေတယ်။ ဆံပင်တွေက လေထဲမှာခါနေတယ်။ တိုင်တစ်တိုင်ဘေးမှာ မိန်းကလေးတစ်ယောက်က ယောင်္ကျားတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ မှိန်းနေတယ်။ လူမြင်ကွင်းကြီးမှာ အခြားမိန်းကလေးတစ်ယောက်က ရင်ဟိုက်ကြိုးတစ်ချောင်း၊ ပေါင်ရင်းထိတက်နေတဲ့ ဘောင်းဘီတိုနဲ့ စင်ပေါ်မှာ မမြင်ချင်အဆုံး ခါပြီး က နေတာ.. ဒီဘက်မှာ အရိုးဆွေးလာနေတဲ့ ခေတ်မမှီတော့တဲ့ ecstasy-fueled rave ပါတီတွေ spring break party တွေကို အရှေ့က အခုမှ တရေးနိုးလို့ အသက်ပြန်အသက်သွင်းဖို့ ကြိုးစားနေသလား၊ (UK က ဂိုဒေါင်ပျက်တွေထဲမှာ၊ မသုံးတော့တဲ့ ညကလပ်အဟောင်းတွေမှာ ခုချိန်ထိ တရားမ၀င်ခိုးလုပ်နေတဲ့ rave အပါအ၀င် ပါတီတွေကိုတော့ လက်လှမ်းမမှီလို့ မသိပါ) ဒါမှမဟုတ် ကိုယ်ပဲ သုံးမရအောင် ခေတ်ဟောင်းသွားလို့လားရယ်လို့ သက်ပြင်းချရင်း တွေးမိတယ်။ ပညာရှင်တစ်ယောက်မဟုတ်လို့ တိတိကျကျ စာပေအထောက်အထားနဲ့ မပြောနိုင်ပေမယ့် သက္ကရာဇ်နှစ်ထောင်နောက်ပိုင်းမှာ အနောက်နိုင်ငံတွေနဲ့ အခြားသော နိုင်ငံတော်တော်များများဟာ ၁၉၈၀ခုနှစ်တုန်းကလို “ဂလေခေတ်” မဟုတ်တော့တဲ့ “နည်းပညာခေတ်” ကိုရောက်နေပြီဆိုတာ အားလုံးသိကြပါတယ်။



လွန်ခဲ့တဲ့ ၁၉၈၀ခုနှစ်တွေထဲက “ဂလေခေတ်” ရဲ့ ခေတ်မမှီတော့တဲ့ အပြုအမူတွေနဲ့ ခုလိုဘီယာမူးပြီး ဖော်ကနေတာကို “ဒါပဲဟဲ့ နိုင်ငံခြား” ဆိုပြီး လိုက်အားကျလို့၊ အဲသလိုဖော်ရတာကိုမှ၊ ရေစိုနေတဲ့ကြားက အဲသလို တစ်ကိုယ်လုံးခါပြီး က ရတာကိုမှ ခေတ်မှီတယ် ထင်တယ်ဆိုရင်လဲ လူတိုင်းမှာ လွတ်လပ်ခွင့်ကိုယ်စီရှိပါတယ်ဆိုတဲ့ စကားနဲ့ပဲ အိမ်ချမ်းမြေ့ ကိုယ့်ကိုကိုယ် ဆုံးမလိုက်ပါတယ်။ သေချာတာတစ်ခုကတော့ လွတ်လပ်သော ဒီမိုကရေစီတိုင်းပြည်ဖြစ်သော ကနေဒါနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လူတွေစုပြီး သီချင်းတွေနဲ့ ပါတီလုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာဆီက လိုင်စင်ကို ရယူပြီးမှ၊ လိုင်စင်ကြေးဆောင်ပြီးမှ လူတွေရာချီတဲ့ တရားဝင်ပါတီပွဲတစ်ခုကို ဖန်တီးလို့ရတယ်ဆိုတာပါပဲ။

ထောင့်ကိုးရာ ရှစ်ဆယ်ကိုးဆယ်လောက်တုန်းက မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲရဲ့ footage တွေ

မိန်းမတွေနဲ့ ပြစားတဲ့ပွဲလား၊ ကန့်လန့်ကာနောက်ကွယ်က စီးပွားရေးသမားကြီးတွေရဲ့ လုပ်ကွက်တွေလား။ ဟော… လှယဉ်ကျေးမယ်တစ်ယောက်က စင်ပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လာတယ်။ ဘာလုပ်တာမှန်းမသိ လက်ကိုတောက်လျောက် ငှက်လိုလှုပ်ပြနေတယ်။ ပြီးတော့ ခါးကိုလိမ်ပြတယ်၊ လည်ပင်းကို သမင်လည်ပြန်လှည့်ပြတယ်။ အိုး… အခန့်မသင့်ရင် ခါးကြောလွဲသွားနိုင်တယ်၊ လည်ပင်းခိုင်သွားနိုင်တယ်။ ပြီးတော့ ပရိသတ်ကိုကျောပေးပြီး ……. ကော့ပြတယ်။ ဆက်မရေးရဲဘူး။ ကျမတော့ရှက်တယ်။ အဲဒီလို ပရိသတ်ကိုကျောပေးပြီး ကော့ပြချိန်မှာ အောက်က ယောင်္ကျားသားများဟာ လက်ခေါက်တွေ ဆူညံသွားအောင် တရွှီရွှီမှုတ်လိုက်တယ်။ ခါးသေးရင်ချီခေတ်က ကုန်သွားလို့ပဲလား။ မျက်စိထဲမှာ အလှတရားတစ်ခုလို့ မမြင်မိတာပဲလား။ ရှိသမျှ ပြစားရတဲ့ မိန်းမတွေဘ၀ကို တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ခုနောက်ပိုင်း လူသားတွေဥာဏ်နည်းနည်းပိုမြင့်လာတော့ နိုင်ငံကြီးတွေမှာ စကော်လာရှစ် ပေးတာနဲ့ "ကာ" ထားတယ်။ ရုပ်ရည်အလှသာမက၊ ဥာဏ်ရည်ကိုပါ ဆုပေးတဲ့သဘော။ ဒီလိုဆိုရင်…. ကံအကောင်းအကြောင်းမလှလို့ အရပ်ပုတဲ့ အသားအရည်မစိုပြည်တဲ့ ဥာဏ်တုံးတဲ့ သွားခေါနေတဲ့ ဆံပင်မပေါက်တဲ့ လိပ်ခါးဖားတင် မိန်းကလေးတွေကိုကော ဘယ်ယောင်္ကျားသားတွေကများ မျက်စိစားပွဲထိုင်ကြမလဲ။ ဒီလိုနဲ့ သူတို့ရဲ့ ဘ၀ပေးအခြေအနေကြောင့်ပဲလေ… ဆိုပြီး အိမ့်ချမ်းမြေ့ ဖြေတွေးတွေးလိုက်ပါတယ်။


ခေတ်ဟောင်းသီချင်းတွေကို remix ပြန်လုပ်ထားတဲ့ သီချင်းအပိုင်းအစတွေ..

အချို့သီချင်းတွေက remix လုပ်ပြီးရင် ပိုနားထောင်လို့ကောင်းပေမယ့် ဒီတစ်ပုဒ်ကတော့ အကောင်းဘက်မှာ ရှိမနေတာ ကျမရဲ့ ကိုယ်ပိုင်အနုပညာခံစားချက်သက်သက်နဲ့ပဲ သက်ဆိုင်နေပါလိမ့်မယ်။ သရုပ်ဖော် မင်းသားမင်းသမီးနဲ့ ဇာတ်ကွက်က သီချင်းနဲ့လိုက်ဖက်မှု လွဲနေသလိုလို။ ပူရှရှ Techno တီးလုံးကိုနောက်ခံပြီး ဇာတ်ဝင်ခန်းတစ်နေရာမှာ မင်းသမီးက ရေကူးကန်ထဲမှာ ရေကူးနေတယ်။ ကူးရင်း ကန်ဘောင်ကိုရောက်လာတယ်။ ရေထဲကနေ ရေသူမလို ဘွားကနဲ ထွက်လာတယ်။ ဆံပင်ကိုဟန်ပါပါ သပ်တင်တယ်။ ရုတ်တရက် မင်းသားကိုတွေ့တော့ မဲ့ပြပြီး အဝေးကို ပြန်ကူးသွားတယ်။ ကင်မရာက မင်းသမီးရဲ့ နောက်ပိုင်းကိုမြင်သာအောင်ရိုက်ထားတယ်။ အဲဒီမှာ သီချင်းစာသားက


ရှေ့ကကြည့်လဲယဉ်တယ်၊ နောက်ကကြည့်လဲယဉ်တယ်၊ ဘေးကကြည့်လဲယဉ်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူရယ်…. တဲ့။ အဲဒီအချိန်မှာ အိမ့်ချမ်းမြေ့ရဲ့ မရှိမဲ့ရှိမဲ့ မိန်းမအီးဂိုးလေးက ထပြီး အလံထူတယ်။


ကိုယ်သိခဲ့တဲ့၊ ကိုယ်နှစ်သက်ခဲ့တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ သီချင်းလေးတစ်ပုဒ်ဟာ ……

အမည်မဖော်လိုတဲ့ ဗွီဒီယို footage အချို့

ပထမတော့ တမင်တကာ ဟာသ တစ်ခုလုပ်ထားတာလို့ထင်မိတယ်။ နောက်ပိုင်းတော့ ဟာသ ဗွီဒီယိုတွေမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ကြိုးတစ်ချောင်း ဂျိုင်းပြတ်အကျီ င်္အပေါ်မှာ ခွပ်ဒေါင်းပုံပါတဲ့ အနီရောင်အ၀တ်ကြီးကို ရင်လျားသလိုပတ်ထားပြီး တံတွေးတမြိုမြိုနဲ့ ခံယူချက်တစ်ခုကို တင်ပြနေတယ်။ မျက်တောင်တွေကို မလိုအပ်ပဲ ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်။ မျက်နှာအမူအရာတွေများလို့ လူကိုကြည့်ရမှာလား၊ ပြောနေတဲ့အကြောင်းအရာကို နားထောင်ရမှာလား မဝေခွဲတတ်တော့။ ဒီလောက်ကြီးမားလေးနက်တဲ့ အရာတစ်ခုကို တင်ပြမယ်ဆိုရင် ကိုယ်ခန္ဒာအနေအထား၊ အ၀တ်အစားရဲ့တည်ကြည်မှု၊ ဆံပင်ထုံးဖွဲ့ပုံ၊ မျက်နှာအနေအထားတည်ကြည်မှု၊ လေယူလေသိမ်းလေးနက်မှု စသည်ဖြင့် မိမိပေးလိုတဲ့အကြောင်းအရာကို ဒီထက်ပိုပြီး အလေးထားသင့်မလားမသိဘူးလို့ တွေးမိနေမိတယ်။ အပြုသဘောနဲ့ လိုအပ်ချက်တွေကို တစ်ဝကြီးစိမ်ပြေနပြေရေးပြီး ကွန့်မင့်တင်ပေးလိုက်တယ် (စိတ်ထဲကပါ)။ တစ်ကယ်တော့ ကိုယ့်ကိုကိုယ်ပဲ မှန်ရှေ့မှာရပ်လို့ ကိုယ်လိုအပ်ချက်တွေကို တစ်ဝကြီးဝေဖန်ရင်း သူတို့တတ်နိုင်သမျှလုပ်နေကြတယ်လေလို့တွေးနေရင်းက သံတိုင်တွေနောက်က လူတွေကို ဒီဗွီဒီယိုအစား နေရင်းထိုင်ရင်း ကိုယ်အားနာနေမိတယ်။


အိမ်ချမ်းမြေ့ သက်ပြင်းတွေ အခါခါ ချမိတယ်။ အနှစ်နှစ်ဆယ်နားကပ်လာပါပြီ။ ကိုယ်သိခဲ့တဲ့ မြန်မာပြည်ဟာ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်နီးပါးက တိုင်းပြည်။ အချိန်တွေ တရိပ်ရိပ်ပြောင်းခဲ့ပြီ။ ဘ၀တွေရှေ့ဆက်ခဲ့ပြီ။ Life goes on. ဒါကိုမေ့နေခဲ့တယ်။ ကိုယ်သိခဲ့တဲ့ ကိုယ့်တိုင်းပြည်ကတော့ ကိုယ့်ဦးနှောက်ထဲမှာ သံမှိုတစ်ခုလို စွဲမြဲနေတယ်။ ဒါပေမယ့် အဲဒီအရာတွေဟာ မရှိတော့ဘူး။ အမြဲတမ်းတည်မြဲနေမယ့် မမြဲခြင်းတရား။ ဒါကိုမေ့လျော့နေခဲ့မိတယ်။


ကွန်ပြူတာကို ပြန်ပိတ်ဖို့ပြင်လိုက်တယ်။ မျက်လုံးထဲမှာ ပူလောင်တဲ့အရိပ်တွေက တဖျတ်ဖျတ်ကြီးစိုးနေတုန်းပဲ။ အပြင်မှာ နွေရာသီရဲ့ပန်းတွေ၊ လိပ်လေးတွေ၊ ဖားတွေ၊ ငါးတွေ၊ ငှက်တွေဘက်ကို ခြေဦးလှည့်ဖို့ ပြူတင်းပေါက်အပြင်ကို ကြည့်လိုက်မိတယ်။ ကန့်လန့်ကာတစ်ဖက်မှာ အတ္တက ပြုံးပြုံးလေး ဆီးကြိုနေတယ်။



Comments from ainchannmyay.com

So Good!
Comment by EE — May 17, 2009 @ 2:55 am

တိုးတက်လာပါတယ်၊ ဘာတိုးတက်လည်းဆိုတော့ …….
ကျွန်တော့် ဆရာတစ်ယောက် ပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်းရှိတယ် .. တိုးတက်တာတွေ အရှိန်အဟုန်နဲ့ ရှိနေတဲ့အချိန်မှာ ဆုတ်ယုတ်မှုတွေကို ဟန့်တား တားဆီးထားနိုင်မှ လူနေမှု စနစ်အခြေခံ မြင့်မားမှာတဲ့ဗျာ၊ ကျွန်တော်ကြည့်လိုက်မိတဲ့ ဗမာအရေခြုံနိုင်ငံရေးဟန်ဆောင် ဘလော့ဂ်တစ်ခု ဆိုရင်တောင် အတော်ယုတ်ရင်းကြမ်းကြုတ်တာတွေကို စာနဲ့ ရေးသား ဖော်ပြထားတာ မြင်လိုက်ရတဲ့အချိန်မှာ သြော် ငါတို့ ခေတ်ရေစီးကြောင်းမှာ အလိုက်အထိုက်နဲ့ မနေနိုင်သေးပါလား ဆိုတဲ့ အတွေးတစ်ခု ၀င်လာပါတယ်၊
ရေးသူကတော့ မရှက်လို့ ရေးတာပေါ့၊ နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့ စကား အရပြောရမယ်ဆိုရင်တော့ သူ့အဆင့်အတန်း ကို ကျွန်တော် ပေးစရာနေရာမရှိဘူးလေ၊ အဲဒီလိပ်စာကို အစ်မတွေ နှမတွေအပေါ် အားနာလွန်းလို့ မဖော်ပြတော့ပါဘူးဗျာ
အခု စာရေးသူရေးထား တာတွေ ဖတ်ရှုလိုက်ရတဲ့အချိန်မှာ သြော် မြန်မာ မြန်မာ အလိုက်သင့် ထိန်းထိန်းသိမ်းသိမ်း မနေတတ်ပါလားဆိုတဲ့ အတွေးဟာ ခိုင်မြဲသလို ဖြစ်သွားရပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 17, 2009 @ 5:34 am

တခါတလေကျတွေးမိတယ်.. အဖျက်ဆီးခံထားရတဲ့ ဘ၀တွေ..လို့။
ဒါပေမဲ့ နောက် ထပ်တွေးမိပြန်တယ်.. အဖျက်ဆီးမခံရင်ကော.. အဖျက်ဆီး မခံလို့ မရဘူးလား..လို့။
နောက်တော့ အဲဒီအဖျက်ဆီးခံတွေကို ရသလောက်ထိန်းပြီး ပြင်မယ်ကွာလို့ တွေးတယ်..ဒါပေမဲ့ လက်ပမ်းကျ..
နောက်ဆုံးတော့ အဲလိုပဲ ကိုယ်လည်း ကန့်လန့်ကာတဘက်က ပြုံးနေတဲ့ အတ္တကိုပဲ ပြန်ပြုံးပြလိုက်ရတော့တာပါပဲ။
Comment by မေငြိမ်း — May 17, 2009 @ 5:40 am

လူတွေရဲ့ ခံယူချက်၊ အတွေးအခေါ် အတိမ်အနက်တွေဟာ သူ့ရဲ့ပတ်ဝန်းကျင်၊ ပညာ (အတန်းပညာချည်း မဟုတ်ပါဘူး။)၊ အတွေ့အကြုံတွေပေါ် မူတည် မယ်ထင်ပါရဲ့။ အဲဒီလူတွေနဲ့ ဖွဲ့စည်းရာကနေ နိုင်ငံတခုရဲ့ ပုံရိပ် ဖြစ်လာတာပဲ။
Comment by ပုံရိပ် — May 17, 2009 @ 1:28 pm

ko sai yal i lay paing soe moe ko chit tal . thu ko chit ta lo pal ko sai ko la pyae sone chit par tal
Comment by khinpyaesone — May 18, 2009 @ 9:02 am

တစ်ပိုင်း ဖတ်ပြီးတိုင်း သက်ပြင်းတခါ ချသွားပါတယ် ။
Comment by မောင်ငယ် — May 18, 2009 @ 9:22 am

မအားလို့ အခုမှ လာလည်ရပါတယ်နော်။ အတွေးအခေါ်တွေ မတူညီကြတဲ့ ပတ်ဝန်းကျင်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ပုံရိပ်ပေါ့ မလေးရယ်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — May 18, 2009 @ 9:32 am

တခါတလေကျတွေးမိတယ်.. အဖျက်ဆီးခံထားရတဲ့ ဘ၀တွေ..လို့။
ဒါပေမဲ့ နောက် ထပ်တွေးမိပြန်တယ်.. အဖျက်ဆီးမခံရင်ကော.. အဖျက်ဆီး မခံလို့ မရဘူးလား..လို့။
နောက်တော့ အဲဒီအဖျက်ဆီးခံတွေကို ရသလောက်ထိန်းပြီး ပြင်မယ်ကွာလို့ တွေးတယ်..ဒါပေမဲ့ လက်ပမ်းကျ..
နောက်ဆုံးတော့ အဲလိုပဲ ကိုယ်လည်း ကန့်လန့်ကာတဘက်က ပြုံးနေတဲ့ အတ္တကိုပဲ ပြန်ပြုံးပြလိုက်ရတော့တာပါပဲ။ လှတယ် ရေးထားတာ၊
အဖျက်ဆီးခံနေကြရင်ကောဗျာ၊ ……… ပြုံးနေပါတယ်ဆိုတဲ့ အတ္တ က ကာယကံရှင်ကိုဖျက်ဆီးနေတာဆိုရင်ကော၊ မမေငြိမ်း ပြန်ပြီး လှည့်ပြုံးပြနိုင်ဦးမလား သိချင်ပါတယ်ခင်ဗျ၊
ခင်မင်လျက်ပါ……
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 18, 2009 @ 12:39 pm

ဟုတ်တယ် မလေးရေ။ ခေတ်ကြောင့်လည်း လူတွေပြောင်းလဲတယ်.. လူတွေကြောင့်လည်း ခေတ်က ပြောင်းလဲသွားတယ်။ ဒါပဲလည်နေရော။
Comment by winkabar — May 18, 2009 @ 7:24 pm

EE၊ ဒေါင်းသေချောင်းမှာပျော်သည့်ကျား၊ အမမေငြိမ်း၊ ပုံရိပ်၊ khinpyaesone၊ မောင်ငယ်၊ မေတ္တာရောင်ပြန်၊ winkabar၊
လာရောက်ဖတ်ရှု ကွန့်မင့်များရေးသွားလို့ ကျေးဇူးတင်ပါတယ်။ မလေး ကွန့်မင့်တွေ တစ်ခုချင်းစီ မပြန်တော့ဘူးနော်။ ခုတလော တော်တော်လေး စိတ်မကောင်းဖြစ်နေလို့ပါ။
Comment by မလေး — May 18, 2009 @ 10:40 pm

သိပ်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ မလေးရယ်…
အားလုံး ဒီလိုပဲ ထပ်တူထပ်မျှ ခံစားကြရပါတယ်. တစ်ယောက်တစ်မျိုးစီ ခံစားပုံခြင်း ကွဲလွဲကြတာပဲ ရှိမှာပါ.
ကျွန်တော်လည်း တော်တော်လေး ခံပြင်းနာကျည်းမိတယ်. လုပ်ရက်လိုက်တာလို့လည်း တွေးမိတယ်.
ရန်ကုန်လူနေမှုစနစ်တွေ အကြောင်းလည်း နေရာတော်တော်များများမှာ ဖတ်မိတယ်. ကြားမိတယ်.
ဒါပေမယ့် ပျက်စီးချင်တဲ့သူတစ်ချို့က အဖျက်ဆီးမခံရဘဲနဲ့ကို ပျက်စီးတတ်သလို ဖျက်ဆီးခံနေရတာတောင်မှ မပျက်စီးတဲ့ ခိုင်မာတဲ့ လူငယ်တွေလည်း ရှိပါသေးတယ်.
မလေးပျော်ရွှင်ပါစေ…
ခင်တဲ့..
Y.
Comment by Yan — May 19, 2009 @ 3:51 am

မမရေလာလည်တာကျေးဇူးပါနော်။ ညီမလည်းအလုပ်တွေရှုတ်နေတာနဲ့ဘယ်မှမရောက်ဖြစ်ဘူး။ မမပျော်ရွှင်ပါစေရှင်။
Comment by thumalay — May 19, 2009 @ 6:16 am

Yan .. ဆုတောင်းပေးတာ ကျေးဇူးပါ ကိုရန်ရေ.. ပိုစ်အသစ်လေး ဘာလေးလဲတင်ပါဦး
သူမလေး .. ညီမလေးရေ.. မင်္ဂလာပါ
Comment by မလေး — May 19, 2009 @ 6:29 am

အမရေ…တွေးခေါ်ပုံလေးတွေ တင်ပြပုံလေးတွေ ကောင်းတယ်ဗျာ..။ ကျွန်တော် အဲ့ဒါတွေတွေ့ တဲ့ အချိန်တိုင်း တော်တော်လေးခံစားမိတယ် ။ တိုးတက်တာလား ဆုတ်ယုတ်တာလား မဝေခွဲနိုင်ဘူးအမရေ..။ ဒါပေမဲ့ သေချာတာ ၁ ခုကတော့ စာရိတ္တ တွေ အခြေမခိုင်တော့ဘူးဆိုတာပဲ ဖြစ်မယ်ထင်တယ် အမ ။ ဗုဒ္ဓ ရဲ့သာသနာရှိတဲ့ နိုင်ငံမှာ ဒီလိုတွေဖြစ်နေတာ ဗုဒ္ဓ သာသိခဲ့ရင် အမရယ် လေးသင်္ချေ ကမ္ဘာတစ်သိန်း ဆိုတာကို အားနာလိုက်တာဗျာ……။
Comment by စကားဝါမြေ — May 28, 2009 @ 9:28 am

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Friday, May 08, 2009

Cultus Lake သို့တစ်ခေါက်


view-of-cultus-lake-from-main-beach.JPG


နွေရာသီမရောက်သေးပေမယ့်လည်း နွေဦးရဲ့နေရောင်ခြည်နွေးနွေးလေး ဖြာကျလာတာနဲ့ ဒီဆောင်းကို စိတ်ပျက်နေကြတဲ့ ကျမတို့ လွန်ခဲ့တဲ့ စနေနေ့က Cultus Lake ဆိုတဲ့ရေကန်တစ်ခုမှာ နေ့လည်စာသွားစားကြတယ်။ ရာသီဥတုက သိပ်မပူသေးပေမယ့်လည်း နွေးနွေးလေးမို့ ခရီးသွားရတာ မဆိုးလှပါဘူး။ ရေကန်ကလည်း ကျမတို့ နေတဲ့မြို့နဲ့ဆို အရှေ့ဘက်ကိုထွက်သွားရင် ကားနဲ့တစ်နာရီလောက်ပဲမောင်းရတဲ့ chilliwack ဆိုတဲ့ မြို့အ၀င်နားမှာမို့ မနက်ကိုးနာရီလောက်မှာ စီစဉ်တဲ့ဦးလေးတစ်ယောက်အိမ်မှာလူစုပြီး စထွက်လာကြတယ်။ ပစ်ကနစ်ထွက်ဖို့ အချိန်နည်းနည်း စောနေသေးပေမယ့်လည်း အကုန်လုံးက သွားချင်နေကြတာနဲ့ ထွက်လာကြတာပါပဲ။ လူကတော့ ဒီတစ်ခါ သိပ်မများပါဘူး။ ဆွေမျိုးတွေ အကုန်မပါဘူး။ ၁၂ယောက်ပဲ ပါတယ်။

မြို့ရဲ့ အရှေ့ဘက်ကိုထွက်လာပြီး မြို့ပြင်ရောက်တာနဲ့ Concrete Jungle တွေနဲ့ဝေးသွားတော့ တောင်ပြာတန်းတွေကို ရှင်းရှင်းလင်းလင်း စပြီးမြင်ရတော့တာပါပဲ။ စနိုးတွေတစ်တောင်လုံးဖုံးနေတဲ့ Mt. Baker ကြီးက ကောင်းကင်ပြာထဲကိုထိုးထွက်နေပြီး၊ ကားလမ်းရဲ့ ဘယ်နဲ့ညာဘက်မှာလည်း လယ်ကွင်းတွေ၊ ပြောင်းခင်းတွေ၊ စိုက်ခင်းတွေ၊ မှိုစိုက်တဲ့တဲရုံတွေ၊ ပန်းခင်းတွေ၊ စားကျက်ထဲမှာ နေစာလှုံရင်း မြက်တို့ ကောက်ရိုးတို့စားနေတဲ့ ထွားထွားကြိုင်းကြိုင်း မြင်းတွေ၊ နွားတွေ နဲ့ သိပ်ကိုလှတာပါပဲ။



mtbaker.jpg


roadtochilliwack.jpg



roadtochilliwack2.jpg


 


အောက်ကပုံကတော့ အ၀ါရောင်လွှမ်းခြုံနေတဲ့ daffodils ပန်းခင်းပါ။



flowerfields.jpg


လွန်ခဲ့တဲ့ အနှစ်တစ်သောင်းလောက်ကစပြီး လူနီခြောက်သောင်းလောက်ပဲရှိတဲ့ ဒီဒေသလေးကို ဥရောပသားတွေခြေချလာရာကစပြီးနောက် သမိုင်းစာမျက်နှာပေါ်ကို Chilliwack ဆိုတဲ့ဒီမြို့လေးရောက်ရှိလာတာပါပဲ။ ဥရောပသားတွေဆီကပါလာတဲ့ ရောဂါတွေကြောင့် လူနီဦးရေကျသွားတယ်လို့လဲ သိရတယ်။ ၁၈၅၀ လောက်တွေမှာ ရွှေရှာတဲ့လူတွေရယ်၊ မိုင်းရှာတဲ့လူတွေရယ်နဲ့ ဒေသလေးဟာ တဖြည်းဖြည်း စည်ကားလာတော့တာပါပဲ။ အခုတော့ လူဖြူတွေ အနေပိုများတဲ့ မြို့လေးဖြစ်နေပြီပေါ့။ ဒါတောင် လူဦးရေ ရှစ်သောင်းမပြည့်သေးပါဘူး။


ဒီမြို့လေးဟာ ဧပြီလနဲ့မေလတွေမှာ တစ်မြို့လုံး ကိုယ်ထူကိုယ်ထစနစ်နဲ့ ရပ်ရွာသန့်ရှင်းရေးလုပ်လေ့ရှိတယ်။ မြို့လမ်းမတွေ၊ ပန်းခြံတွေ၊ ရေမြောင်းတွေ၊ အမှိုက်သရိုက်တွေကို မြို့တော်သန့်ရှင်းရေးစနစ် ရှိပေမယ့်လည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ သန့်ရှင်းရေးလုပ်ကြတယ်။ အထက်တန်းကျောင်းသားတွေနဲ့ လူငယ်လေးတွေကလည်း လူစုပြီး အိမ်တွေကအမှိုက်တွေကို လိုက်ကောက်ပြီး ရံပုံငွေရှာကြတယ်။ တစ်အိမ်ကို အလှုငွေ ဒေါ်လာသုံးဆယ် သို့မဟုတ် လေးဆယ်လောက် ကောက်လေ့ရှိကြတယ်။ ဒါကတော့ မြို့လေးရဲ့ သမိုင်းအကျဉ်းနဲ့ ချစ်စရာဓလေ့လေး တစ်ခုပါ။


ဒီရေကန်ကို အနည်းဆုံးတစ်နှစ်တစ်ကြိမ်လောက်တော့ ကျမတို့ရောက်တယ်။ မြို့အ၀င်ရောက်တော့ ရေကန်ဘက်မသွားခင် ကော်ဖီဆိုင်ရှေ့မှာ ခဏရပ်ကြပြီး ကော်ဖီဝယ်သောက်သူသောက်၊ အပေါ့အပါးသွားတဲ့လူသွားကြတယ်။ ကော်ဖီဆိုင်ဘေးက ရောင်စုံထီးတွေအောက်မှာလည်း လူတွေ ကော်ဖီထိုင်သောက်နေကြတယ်။ ဆိုင်တွေနောက်က တောင်တန်းပြာတွေက အနားမှာကပ်ပြီး ထီးထီးကြီးတွေ။ အဲဒီနားတစ်ဝိုက်က ဆိုင်တွေမှာလဲ လူတွေ၊ ကားအ၀င်အထွက်တွေနဲ့ စည်ကားနေတယ်။ အဲဒီအချိန်မှာ အမိုးပွင့်ကားနဲ့ အသက်ငါးဆယ်လောက်ရှိတဲ့ အဖြူမကြီးတစ်ယောက်က flareတွေ glareတွေနဲ့သီချင်းအကျယ်ကြီးဖွင့်ပြီး ဂျိမ်းစဘွန်းပုံစံနဲ့ ကားကိုမောင်းဝင်လာတယ်။ ပြီးတော့ ရပ်ထားတဲ့ နောက်ထပ် အနက်ရောင်အမိုးပွင့်ကားဘေးမှာ ၀င်ထိုးလိုက်တယ်။ ကျမတို့ မြန်မာတွေကလည်း သိတဲ့အတိုင်းပဲ မတွေ့ရတာ နှစ်နဲ့ချီနေကြတဲ့အတိုင်း သွားစရာရှိတဲ့ ရေကန်ကို ဆက်မထွက်သေးဘဲ၊ အဲဒီနားမှာ မတ်တပ်တွေရပ်ပြီး စကားတွေ ဖောင်ဖွဲ့နေကြချိန်မှာ "ဂျိမ်း" ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတော့တာပါပဲ။


အမိုးပွင့်ကားထဲက အန်တီကြီးက မျက်မှန်ကို ဆံပင်ပေါ်ကို တင်လိုက်ပြီး စိတ်ပျက်ပျက်နဲ့ဆင်းလာတယ်။ သီချင်းသံကလဲ တိတ်သွားပြီ။ ရောင်စုံထီးတွေအောက်မှာ ကော်ဖီသောက်နေတဲ့ ကျန်တဲ့လူတွေကလဲ သူ့ကိုမသိမသာကြည့်နေကြတယ်။ သူက သူတိုက်လိုက်တဲ့ အနက်ရောင်အမိုးပွင့်ကားကို ဟန်ပါပါ တစ်ပတ်ပတ်ကြည့်တယ်။ တစ်ကယ်က တစ်ပတ်ပတ်စရာမလိုပါဘူး။ သူတိုက်လိုက်တဲ့နေရာက ဘယ်ဘက်နောက်မီးလုံးနားမှာအသိသာကြီးကို၊ ပြီးတော့ ကော်ဖီသောက်နေသူတွေကို ဒီကားက ဘယ်သူ့ကားလဲ လို့လှမ်းမေးတယ်။ ကော်ဖီသောက်နေသူတွေက တစ်ညီတစ်ညာထဲ ခေါင်းခါပြကြတယ်။ အဲဒီအန်တီကြီးက သူပွတ်ဆွဲလိုက်တဲ့ ကားကို ဟန်ပါပါနဲ့ တစ်ပတ်ပတ်ကြည့်ပြန်တယ်။ နောက်တော့ ဘာဆက်ဖြစ်လဲမသိဘူး။ ကျမတို့လည်း နေသိပ်မြင့်မှာစိုးလို့ ရေကန်ဘက်ကို ထွက်လာခဲ့တယ်။


ရေကန်ဘက်ရောက်တော့ ကန်ကြီးက အကြီးကြီးဆိုတော့ သောင်ပြင်တွေကလည်း အများကြီးပဲ။ ကန်ပတ်လမ်းတလျှောက် မောင်းလာတုန်း ဖုန်းကမြည်လာတယ်။ ပစ်ကနစ်ထွက်ဖို့ကို စီစဉ်တဲ့ ဦးလေးကလွဲပြီး အကုန်လုံး ကန်နားရောက်နေပြီ။ ဦးဆောင်တဲ့ ဦးလေးက သူကိုယ်တိုင် မြေပုံတွေပရင့်ထုတ်၊ ဆဲလ်ဖုန်းနံပါတ်တွေ အစဉ်လိုက်ရေးထားပေးပြီးတော့ ကျန်သူတွေက ကန်နားရောက်နေပြီး သူတစ်ယောက်ထဲ တောလမ်းထဲရောက်နေလို့တဲ့။ သူလဲ ရောက်ဖူးသားနဲ့ ရေကန်ကိုရောက်မလာဘဲ တောထဲဘယ်လိုရောက်သွားလဲ မသိ။


ဒါနဲ့ ရေကန်နားက water park မှာ စောင့်နေမယ်လို့မှာပြီး အားလုံးသူ့ကို စောင့်နေကြတာပေါ့။ ၁၀မိနစ်လောက်နေတော့ water park နားကို ဦးလေးရောက်လာတယ်။ ဒါနဲ့ main beachက မြက်ခင်းပြင်ဘက်ကို ဆက်ထွက်လာကြတယ်။ main beach ရောက်တော့ picnic table တွေမှာ ကားပေါ်က စားစရာတွေ၊ မီးဖိုတွေ၊ အခင်းတွေ စတဲ့ပစ္စည်းတွေချပြီး စားဖို့သောက်ဖို့ပြင်ကြတယ်။ တစ်ယောက်မှ ပတ်ဝန်းကျင်အလှကို ကြည့်မနေနိုင်ကြတော့ဘူး။ စကားလဲမပြောနိုင်ကြတော့ဘူး။ တက်ညီလက်ညီနဲ့ အိမ်ကချက်လာတာတွေ၊ အိုးတွေ၊ မီးဖိုတွေ ချသူချ၊ မြက်ခင်းပေါ်မှာ အခင်းတွေခင်းသူခင်းနဲ့ အလုပ်ရှုပ်နေကြတယ်။



waterpark.jpg


ပါလာတဲ့ စားစရာတွေကတော့ ခေါက်ဆွဲကြော်နှစ်မျိုး၊ ကြာဇံကြော်၊ ငါးဖယ်သုတ်၊ အာလူးနဲ့အမဲနှပ်၊ ပဲထမင်းပေါင်း၊ ငါးပိထောင်း၊ ကော်ဖီ၊ လက်ဘက်ရည်၊ ရေနွေးကြမ်း စသဖြင့်စုံလို့ပါပဲ။ ရောက်တာနဲ့ ပါလာတဲ့ မီးဖိုကိုဖိုပြီး ဟင်းတွေ ထမင်းတွေ နွှေးပြီး အနားက စားပွဲလေးတွေမှာ စုပြီး စစားကြတော့တာပါပဲ။ ခပ်လှမ်းလှမ်း မြက်ခင်းပြင်ပေါ်မှာလဲ နေပူစာလှုံရင်း စာဖတ်နေသူတွေ၊ ကမ်းစပ်မှာ ထိုင်ပြီးစကားပြောနေတဲ့ သူတွေ၊ ရေထဲမှာ သွားနေတဲ့ မော်တော်ဘုတ်လေး တစ်စင်းနှစ်စင်းနဲ့ နွေရာသီခေါင်ခေါင်မှာလို ခြေချစရာနေရာမရှိလောက်အောင် မစည်ကားသေးပေမယ့် သူ့အထွာနဲ့သူ စည်ကားနေပါတယ်။ အဲဒီအချိန်မှာ ကျမတို့ စားနေတဲ့ စားပွဲနားကို ငန်းတစ်ကောင်က မယောင်မလည်ရောက်လာတယ်။



အဲဒီအချိန်မှာ ကျမညီမလေးက တိရိစ္ဆာန်တွေကို သဘာဝအတိုင်းထားရတယ်ဆိုတာသိပေမယ့် ခေါက်ဆွဲနည်းနည်းပစ်ကြွေးလိုက်တယ်။
"သွားမကြွေးနဲ့လေ၊ လုံခြုံရေးတွေလာရင် ပြောနေမယ်" ကျမ ပြောလိုက်တယ်။
"ရပါတယ်.. ဆာနေရှာတယ်ထင်တယ်"

ငန်းကလဲ ညီမလေးကြွေးတဲ့ ခေါက်ဆွဲကို မြိန်လျှက်စွာ စားနေတာနဲ့ ပန်းကန်ထဲက ငပိထောင်းနဲနဲပေနေတဲ့ ခေါက်ဆွဲကို ကျမထပ်ကြွေးလိုက်တယ်။ ငန်းက အခြေအနေကောင်းနေတုန်းပဲ။ အေးအေးဆေးဆေးပဲ စားတယ်။ ညီအစ်မတွေ အစပ်စားနေတဲ့ ငန်းကိုကြည့်ပြီး သဘောကျနေတာပေါ့။


"ဒီမှာ ကနေဒီယန်ငန်း ဗမာငပိနဲ့ခေါက်ဆွဲစားနေတာ လာကြည့်ကြ"


goose.jpg


အစ်မတစ်ယောက်က ဟိုဘက်ဝိုင်းက လူတွေကို လှမ်းအော်လိုက်တယ်။ ငန်းက တော်တော်စားပြီး ဗိုက်လေးသွားပုံနဲ့ ခဏထိုင်နေတယ်။ ဒါနဲ့ ကျမလဲ ကင်မရာယူပြီး ရိုက်ထားလိုက်တယ်။ ခဏနေတော့ အဲဒီငန်းက အနားကပ်လာပြန်ရော။ အစ်မက သူ့ပန်းကန်ထဲက စားစရာတစ်ခုကို ပစ်ကြွေးလိုက်တယ်။ ငန်းက ကောက်စားလိုက်တယ်။ ပြီးတော့ နည်းနည်း ဂနာမငြိမ်ဖြစ်လာတယ်။ ပြီးတော့ အနားက မြက်တွေကို သူ့နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး စားနေတယ်။ ပြီးလဲပြီးရော အကျယ်ကြီးအော်ပြီး ပျံပြေးသွားတယ်။ အော်တာမှ တော်တော်လေး ကျယ်ကျယ်လောင်လောင်ကို အော်ပြီး ပျံပြေးသွားတော့တာပါပဲ။


"ဘာသွားကြွေးလိုက်လဲ" လို့ ကျမတို့လဲ အမကို မေးလိုက်တယ်။

"ငါးဖယ်သုတ်သွားကြွေးလိုက်တာ" လို့ အပြစ်ရှိတဲ့ မျက်နှာနဲ့ မျက်နှာငယ်ပြီး ဖြေလိုက်တယ်။

"ဟာ.. အဲဒီထဲမှာ ငရုတ်သီးတွေထည့်သုတ်ထားတာ၊ အစိမ်းကော အမှုန့်တွေကော" ညီမတစ်ယောက်က အကျယ်ကြီးပြောလိုက်တယ်။

"အဟီး.. တစ်ကယ်တော့ ကနေဒီယန်ငန်း ငါးပိစားနိုင်တော့ ငါးဖယ်သုတ်ငရုတ်သီးစပ်စပ်လည်း ကြိုက်မလား မြည်းခိုင်းလိုက်တာ" ကြွေးလိုက်တဲ့ အမက ရယ်ကျဲကျဲနဲ့ ပြောတယ်။


"ငန်း တစ်ခုခုဖြစ်သွားဦးမယ်" ထုံးစံအတိုင်း ကျမက စိတ်ပူပြီးပြောလိုက်တယ်။

"ဟဲ့.. ငန်း သေနေဦးမယ်နော်..." ဟိုဘက်စားပွဲက အဒေါ်တစ်ယောက်က စိတ်ပူပြီး လှမ်းအော်တယ်။

"သေတော့ မသေနိုင်ပါဘူး" ညီမတစ်ယောက်က အဒေါ်မကြားအောင် ခပ်တိုးတိုးပြောတယ်။

တစ်ယောက်တစ်ပေါက်ပြောနေတုန်း ငန်းကတော့ အဝေးကိုပျံထွက်သွားပြီ။


game.jpg


ကျမတို့လည်း စားပြီးလို့ဗိုက်လေးပြီး အခင်းခင်းထားတဲ့ အပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ပြာကြီးကို ကြည့်နေတာပေါ့၊ ယောင်္ကျားလေးအုပ်စုကတော့ စွန်လွှတ်နေကြတယ်။ သူတို့စွန်ကို အနားက လူဖြူတွေက သဘောကျနေကြတယ်။ ခဏနေတော့ ကြက်တောင်ရိုက်သူရိုက်၊ စွန်လွှတ်သူလွှတ်၊ နယ်မြေလေ့လာရေးထွက်သူထွက်နဲ့ ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်နေကြတော့တယ်။ အဲဒီနေ့က အဖေနဲ့သမီးတွေက ဘောလုံးကန်ပြီး၊ အမေနဲ့သားတွေက စွန်လွှတ်ကြသေးတယ်။ ရေကူးဝတ်စုံတွေ လိုလိုမယ်မယ်ယူလာကြပေမယ့် ရေကတော့ ကူးလို့မရသေးဘူး။ အေးနေတုန်းပဲ။ လူကြီးဝိုင်းကတော့ ဗူးသီးကြော်၊ ဗယာကြော်၊ ကြက်သွန်ကြော်ရယ် ရေနွေးကြမ်းရယ်နဲ့ အဆင်ပြေနေကြတယ်။



tempura.jpg


ညနေ လေးနာရီလောက်ကျတော့ ပြန်ဖို့ ပစ္စည်းတွေ သိမ်းကြတယ်။ အလာတုန်းက ဗိုက်ဆာဆာနဲ့ ပစ္စည်းတွေချတာ ၁၀မိနစ်တောင် မကြာတာ၊ အပြန်ပစ္စည်းသိမ်းတာကြတော့ လူတွေက မလှုပ်ချင်လှုပ်ချင်နဲ့ အမှိုက်တွေတစ်စမကျန်အောင်ကောက်၊ ကားတွေထဲ ပစ္စည်းပြန်ထည့်တာ နာရီဝက်မက ကြာနေကြတယ်။ ဒီလိုနဲ့ ညနေ လေးနာရီခွဲလောက်မှာ ရေကန်ကြီးကနေ အိမ်ကို ကျမတို့ပြန်ခဲ့ကြပါတယ်။


hut1.png


ရေလွှာလျောပုံကိုတော့ အင်တာနက်က ယူတင်ထားတာပါ..

Comments from AinChannMyay.com

ကိုယ်မရောက်ဖူးသေးတဲ့ နေရာကို ငေးသွားပါတရ်။ အခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ။
နောက်လည်း မကြာမကြာ လာငေးပါ့မယ်
Comment by တလနွန် — May 8, 2009 @ 12:48 am

အစ်မရေ ဒီလိုပို့စ်လေးဖတ်ဖို့စောင့်နေတာ တော်တော်ကြာပြီ.. ဖတ်ရတာအားရလိုက်တာဗျာ။
လူတွေအများကြီးနဲ့ပျော်စရာကြီးနေမှာဘဲ..။ တောင်တွေကိုကြည့်ပြီး လွမ်းသွားသလိုသလို..။
အဖြူရောင်နဲ့ ဘက်တံကိုင်ထားတာအမလား..ဖြေပါ..။
Comment by Phyo Evergreen — May 8, 2009 @ 12:58 am

မင်္ဂလာပါ မမရေ…ရောက်ပါတယ်…ပုံနံပါတ်၂၊၃၊၄၊၅ ကြည့်ရတာအရမ်းကြည်နူးဖို့ကောင်းတာပဲ။ မမရိုက်တာတော်လို့ထင်တယ်နော်။
Comment by thumalay — May 8, 2009 @ 2:51 am

စာပန်းချီလေးကို ဖတ်သွားတယ်။
လှပအေးမြလှတဲ့ ရူခင်းတွေရော၊ ပန်းတွေရော အားရပါးရကြည့်သွားပါတယ်။
အစားအစာတွေနဲ့ ပစ်ကနစ်ထွက်တာဆိုတော့ ပျော်စရာပဲနော်။
Comment by အပြုံးပန်း — May 8, 2009 @ 7:40 am

တလနွန်.. ကျမလဲ ခုပဲ တလနွန်ရဲ့ ကျေးလက်တောင်တန်းအလှကို ငေးပြီး ပြန်လာတာပါ။
Phyo Evergreen .. မဟုတ်ဘူးး) အမက အဲဒီထက် အရပ်အများကြီးရှည်တယ် (ကြုံကြွားပါ :D သူကြားရင်တော့ စိတ်ဆိုးမယ်..) အမပုံတစ်ပုံမှ မထည့်ထားဘူး
thumalay .. ရေလွှာစီးတာတာနဲ့ အပေါ်ဆုံးပုံကလွဲပြီး အမရိုက်ထားတာပါ ညီမလေး
အပြုံးပန်း …. စောင်ခြုံပြီးစာဖတ်နေရရင်လဲ ဇိမ်ပဲနေမှာနော်း)
Comment by မလေး — May 8, 2009 @ 9:02 am

နုညံ့မှုတွေနဲ့ကို စီးမျောသွားမိတယ်။ ကိုယ်တိုင်မသွားရသေးတိတိုင်အောင် မအိမ့်ချမ်းမြေ့တို့သွားတာကြည့်ပြီးကို ပျော်နေမိတယ်။ ပြီးတော့ ကြည်နူးမိတယ်။
Comment by ရှေးစာဆို — May 8, 2009 @ 9:16 am

ဘူးသီးကြော်စားရန်စောင့်နေပါတယ်ဗျို့
ကြုံလို့ကြွားတာ … မကြုံပဲကြွားရရင်တော့ အဟမ်း အဟမ်း ….
Comment by westcoast22 — May 8, 2009 @ 11:36 am

မကျွေးလို့ ဗူးသီးကြော် မစားဘူး၊
ကြက်သွန်ကြော်တော့ကြိုက်လွန်းလို့ နှိုက်သွားတယ်။။ ရေနွေးကြမ်းလည်း တစ်ခွက်သောက်သွားလေရဲ့ဗျာ
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — May 8, 2009 @ 2:13 pm

ဒီပို့စ်လေးဖတ်ရတာ စိတ်ကြည်နူးဖို့ကောင်းလိုက်တာ.
မလေး တော်တော်ပျော်ခဲ့မှာပဲနော်.
ငန်းလေးအကြောင်း ဖတ်ရတော့ အရမ်းအော်ရီမိတယ်. အသံအကျယ်ကြီးအော်ပြီး ဖလပ်ဖလပ်ဖလပ်ဆိုပြီး အတောင်ပံတွေ မြန်မြန်ခတ်လို့ ပြေးသွားရှာမယ့် သူ့ပုံစံလေးက သနားစရာ. မလေးတို့ ညီအစ်မတွေ တကယ်နောက်တာပဲနော်.
အလုပ်က အပြန် စိတ်နည်းနည်းညစ်ညူးနေတာ ဒီပို့စ်လေးဖတ်ပြီး တကယ်စိတ်ကြည်သွားတယ်. တကယ်တကယ်.
ပစ်ကနစ်မှာ ပါတဲ့ လူတွေအားလုံးကို သတိရတယ်လို့ ပြောဖြစ်အောင်ပြောလိုက်နော်. ဟတ်ဟတ်ဟတ်.
Y.
P.S
မလေးတို့ ကနေဒါကိုတောင် လာလည်ချင်လာပြီ.း) အဲလိုသာယာလှပတဲ့ နေရာလေးမှာ နေထိုင်ခွင့်ရတာကိုက Blessing တစ်မျိုးပါပဲ. ကျွန်တော်သာဆိုရင်တော့ ကဗျာတွေ ဟောတစ်ပုဒ် ဟောတစ်ပုဒ် ထွက်ကျနေမလားပဲ. အဟုတ်ပြောတာ. တော်ပြီဗျာ. ကော်မန့်ရှည်ရုံတင်မကဘူး. P.S မှာပဲ အထွန့်တက်နေလို့ အမြင်ကတ်ခံနေရဦးမယ်. သွားပြီဗျာ. ဘိုင်ဘိုင်… :)
Comment by Yan — May 8, 2009 @ 5:31 pm

ပျော်စရာ ကောင်းလိုက်တာ…။
Comment by ပုံရိပ် — May 8, 2009 @ 5:51 pm

ကျနော်လည်း အစ်မနဲ့အတူ လိုက်လည်သွားတယ် :)
Comment by မောင်မျိုး — May 8, 2009 @ 8:21 pm

မရောက်ဖူးတဲ့ ဒေသတစ်ခုရဲ့ပုံရိပ်ကိုလာကြည့်သွားပါတယ်။ ပျော်စရာကောင်းတဲ့ခရီးဆိုတာမပြောလည်းသိနေပါတယ်နော်။ ပုံတွေကိုကြည့်ပြီးတော့လေ။
Comment by ကြည် — May 8, 2009 @ 9:32 pm

အဲသလို ရာသီဥတုလေးကြိုက်တယ်.. မိုးမရွာနေမပူ. အုံ့အုံ့လေး…..
Comment by Phyo Evergreen — May 9, 2009 @ 12:09 pm

သေချာပါတယ်.. အဲဒါအစ်မဘဲ.. ဆံပင်ပုံကိုကြည့်ရင် တူသလိုဘဲ… မျက်နှာကော
Comment by Phyo Evergreen — May 9, 2009 @ 12:12 pm

လာလည်သူများအားလုံးမင်္ဂလာပါ.. မလေး ခုတလော ဘလောဂ်ဘက်မရောက်သေးလို့.. နည်းနည်းပျောက်လိုက်ပါဦးမယ်။ အားလုံးကိုသတိရပါတယ်..
မောင်လေးဖြိုး.. အဲဒါ အမ မဟုတ်ဘူး၊ အဲ့ထက်ဆံပင်လဲရှည်တယ်၊ အရပ်လဲရှည်တယ်။ ညီအမချင်းဆိုတော့ ဆင်တာပါ။ ဒီမြို့က အချို့ကတော့ အိမ်ချမ်းမြေ့ ဆိုတာကို ဟိုလူလိုလို ဒီလူလိုလို ထင်နေကြတာပဲကွယ်၊ ကျောပေးထားတဲ့တစ်ယောက်လို့လဲ ထင်ကြတယ်။ ဘာလို့ဆို သူက ကွန်ပြူတာပရိုဂရမ်မာ မို့လို့လေ.. တစ်ကယ်က ဘာမှတောင် အကူအညီမရပါဘူး.. အဲ့ညီမဆီက :D ( ဘုရားဘုရား ညီမတွေ အစ်မတွေ တစ်ယောက်မှ လာမဖတ်ကြပါစေနဲ့ ):P
Comment by မလေး — May 14, 2009 @ 10:18 pm |

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Monday, April 27, 2009

ဗိုင်းရပ်စ်များ

swine_fever.gif


တိတ်ဆိတ်နေကျ နေရာလေးတစ်ခုက ရုတ်တရက် စကားသံတွေ၊ ဖုန်းမြည်သံတွေ၊ ငြင်းခုံသံတွေနဲ့ ဆူညံသွားသည်။ ဖိနပ်သံတွေ တရှပ်ရှပ်နဲ့အတူ စကတ်တို၊ စကတ်ရှည်၊ ဘောင်းဘီရှည်တွေ ၀င်လိုက်ထွက်လိုက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက ပျားအုံကို တုတ်နှင့်ထိုးလိုက်သလို ဖြစ်နေသည်။ အမြဲတမ်း ရှင်းရှင်းလင်းလင်းထားတတ်တဲ့ စားပွဲတစ်ခုပေါ်မှာလဲ သတင်းစာတွေ၊ ရုံးထုတ်စာရွက်တွေ အပုံလိုက် ရောက်လာသည်။


"သိပ်လဲ စိတ်မပူကြပါနဲ့ ငါတို့ရဲ့ အဆုပ်တွေက မက္ကဆီကိုက အဆုပ်တွေထက် ပိုအားကောင်းပါတယ်"

"အင်း လေပိုသန့်တော့ ငါတို့အဆုပ်တွေ ပိုအားကောင်းတယ် ထင်ရပေမယ့် Nova Scotia မှာ case လေးခု BC မှာ case၂ခု၊ စုစုပေါင်း ကေစ်ခြောက်ခု ဖြစ်နေပြီ။ နောက်ဘယ်လောက် ထပ်တိုးလာမယ်မသိဘူး"

"ကနေဒါမှာ လူပေါင်း သန်းသုံးဆယ့်သုံးသန်းမှာမှ ကေစ်ခြောက်ခုထဲက မဆိုးပါဘူး"

"ဒါပေမယ့် အရမ်းမြန်မြန်ဆန်ဆန် ပျံ့နေတယ်"

"အမြဲတမ်း ပျားပန်းခတ်နေတဲ့ မက္ကဆီကိုမြို့က လမ်းမတွေလဲ တစ္ဆေခြောက်ထားသလို တိတ်ဆိတ်ခြောက်ကပ်နေတယ်တဲ့"

"ဘယ်သူပြောတာလဲ"

"မက္ကဆီကိုရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် ဒီမနက်ပဲ ဖုန်းဆက်လာတာ"

"မက္ကဆီကိုလဲ စိတ်မကောင်းစရာပဲ၊ ဟိုတစ်လောကပဲ ဂိုဏ်းကိစ္စတွေနဲ့ လူသုံးထောင်သေတယ်၊ ခု ၀က်တုပ်ကွေးနဲ့ လူတွေထပ်သေပြန်ပြီ"

"သူတို့ရဲ့လေတွေက မသန့်တော့ အဆုပ်တွေကလဲ အားမကောင်းတော့ဘူးထင်တယ်"

"အခုလဲ သတင်းငှာနတွေကလဲ ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေပြီ"

"အဲဒါတွေတော့ သတင်းငှာနတွေရဲ့ မေးခွန်းတွေကို ကိုင်တဲ့ ငှာန တာဝန်ယူပစေတော့"

"အဲဒါထားလိုက်ပါဦး၊ အခု ဆရာဝန်တွေကဘယ် sample ကို ဘယ်လိုယူရမလဲ မသိဘူးဖြစ်နေတယ်၊ nose culture လား throat culture လား"

"Pathologists တွေ အရေးပေါ် အစည်းဝေးက ထုတ်လိုက်တဲ့ လောလောဆယ်ဆုံးဖြတ်ချက်တွေကော…"

"Swine virus က Influenza A Virus နဲ့ တူတူပဲမဟုတ်ဘူးလား"

"strain အသစ်လို့ဆိုနေကြတယ်၊ Influenza A/H1N1 ရဲ့အခွဲဆို"

"အခု Chemist တွေက Microbiology ကို လွှဲပေးနေတယ်"

"အင်းလေ Microbiology ကိစ္စပဲဟာ"

"အီးမေးလ်တွေ ၂မိနစ်တစ်ခါ စစ်ကြလေ"

"Nasopharyngeal Swab ယူပြီး BCCDC (BC Center for Disease Control) ကို ပို့ရမယ် မဟုတ်ဘူးလား"

"Nasopharyngeal Swab အကြောင်းကြောင်းကြောင့် ယူလို့ မရဘူးဆိုရင်ကော"

"ရိုးရိုး throat နဲ့ nose culture ပဲပေါ့"

"Nasopharyngeal Collection ဆိုတော့ Pertussis Culture ယူတာနဲ့ တူတူပဲမဟုတ်ဖူးလား"

"ဒါပေမယ့် Viral Transport Media နဲ့ ပို့ရမှာ"

"ဆရာဝန်တွေ ဒီလောက်တော့ သိမှာပါ"

"သူတို့လဲ ဘာမှမသိဘူး၊ ဘယ်သူမှ မသိသေးဘူး၊ ဘာလုပ်ရမယ်ဆိုတာ"

"ဘာလို့ဒီလောက် တုန်လှုပ်နေကြတာလဲ"

"ပျံ့နှံ့နှုန်းက သိပ်မြန်နေတယ်နော်.."

"၀က်သားတွေ မစားရတော့ဘူးလား"

"၀က်ကစဖြစ်တာလို့ ဘယ်လောက်သေချာလဲ၊ ၀က်ကစတယ်လို့ မီဒီယာတွေပြောတိုင်း ၀က်တုပ်ကွေးဖြစ်ရိုးလား"

"၀က်ကို ဖာရင်ဟိုက် ၁၆၀ အပူချိန်နဲ့ချက်ရင်တော့ ရတယ်ပြောတာပဲ"

"ဖာရင်ဟိုက်၁၆၀ ရောက်မရောက် ဘယ်လိုသိမှာလဲ"

"ငါတော့ ၀က်ကို ရွံလို့ ဘယ်တုန်းကမှ မစားဘူး"

"တစ်ယောက်က ၀က်တုပ်ကွေးစခေါ်တာနဲ့ အကုန်လိုက်ခေါ်မှာပဲလေ၊ ဒီနာမယ်ပဲ တွင်မှာပါ စောင့်ကြည့်"

"ဒီဗိုင်းရပ်စ်က လူထဲမှာတွေ့နိုင်တဲ့ flu virus၊ ၀က်ထဲမှာတွေ့နိုင်တဲ့ flu virus နဲ့ ကြက်ငှက်ထဲမှာတွေ့ရတဲ့ flu virus အားလုံးရဲ့ DNA တွေပါတယ်
လောလောဆယ်တော့ ဖိလိပိုင်က မက္ကဆီကိုနဲ့ ယူအက်စ်က ၀က်သားတွေ တင်ပို့တာကို ခဏ ပိတ်ထားတယ်ပြောတယ်"

"ကမ္ဘာ့ဘဏ်က မက္ကဆီကိုအတွက် ၂၅သန်းချေးငွေထုတ်ပေးပြီး ရေရှည်တွက် ဒီဗိုင်းရပ်စ်ကိုနှိမ်နင်းဖို့ သန်း၁၈၀လဲ ထုတ်ပေးမယ်ကြားတယ်"

"ကာကွယ်ဆေးကော"

"ခုမှထထုတ်လို့ ဘယ်ရဦးမလဲ"

"၀က်တွေကို ထိုးပေးတဲ့ဆေးတော့ရှိတယ်.. ဟဲဟဲ"

"မင်းပဲ အဲဒီဆေးသုံးတော့"

"နေကြစမ်းပါဦး၊ ကာကွယ်ဖို့ကော"

"ထုံးစံအတိုင်းပေါ့၊ လက်များများဆေး၊ အ၀တ်၊ ဒါမှမဟုတ် တစ်ရှုးထဲမှာ နှာချေ၊ ဘယ်သူ့ကိုမှ မနမ်းနဲ့ ခုတလော၊ နှာခေါင်းကိုအုပ်ထား"

"နှစ်ပေါင်းများစွာကွဲနေတဲ့ ရည်းစား သို့မဟုတ် ယောင်္ကျား သို့မဟုတ် မိန်းမ မက်ဆီကိုကပြန်လာရင်ကော မနမ်းရတော့ဘူးလား"

"နှာခေါင်းအုပ်ထားလို့ သေချာမှာလား၊ နှာခေါင်းအုပ်မှာ မမြင်နိုင်တဲ့ အပေါက်တွေအများကြီး"

"ဒီထက်ကောင်းတဲ့ နည်းရှိသေးလို့လား"

"မင်းကူးချင်ရင် နမ်းလေ နမ်းချင်တဲ့သူတွေကို လိုက်နမ်းလို့ရတယ်"

"နေစမ်းပါဦးကွာ မင်းတို့တွေကလဲ"

"ငါတော့ မကြောက်ဘူး၊ ငါတို့ပြည်နယ်မှာလောလောဆယ် ကေစ်၂ခု ဆိုပေမယ့် mild case တွေပါ"

တစ်ယောက်တစ်ပေါက် ပြောသံတွေက ဆူညံနေသည်။
ဖုန်းတွေက မြည်နေသည်။
ကော်ရစ်ဒါကြမ်းပြင်တွေပေါ်က ကော်ဇောတွေပေါ်မှာ လျှောက်ပြန်ဖိနပ်သံတွေ တရှပ်ရှပ်ကြားနေရသည်။
ဗိုင်းရပ်စ်တွေ လေထဲမှာ ပျံ့နေကြသည်။

ပုံကို ဒီက ရပါသည်ရှင်..

hut1.png




Comments from ainchannmyay.com

ဟင်…ထိုင်းမှာက သူတို့အတွက် ၀က်သား မပါရင်မပြီး ကျနော်နေတဲ့ အိမ်ဆို ၀က်သားက တစ်မျိုးမဟုတ်တစ်မျိုးနဲ့ ရောချက် ။ ၀က်သားကိုကြွပ်ကြွပ်ကြော် တကယ်ပဲ ကျနော်နေနေတဲ့ ၃ နှစ်တာအတောတွင်း ၀က်သားမပါနပ်မရှိဘူး ဒီမှာ ဘာမှမကြားသေးတာလားမသိ ။ သတင်းဆိုးပဲ :( မြန်တယ်ဆိုတော့ ကြောက်ဖို့ကောင်းတယ် ၀က်သားမစားတော့ဘူး ။ကျေးဇူး ဒီပို့စ်လေးအတွက်။ Comment by မောင်မျိုး — April 27, 2009 @ 7:43 pm

အမလေးဗျာ….
လန့်လိုက်တာ…
မနေ့ကတင် အလုပ်ပိတ်ရက်ဆိုပြီး Pork Chop ကို ခရမ်းသီးနှပ်နဲ့ ချက်ထားတာ. အခု မလေးရဲ့ ပို့စ်လေးဖတ်ရတော့ ညစာတောင်မစားရဲတော့ဘူး…
အဲလောက်တောင်ဖြစ်လှတာ. ၀တ်မှုန်တွေ ကြဲချနေတဲ့ ချယ်ရီပင်အောက်မှာ ၀က်သားတုတ်ထိုးကို သွားစားပစ်မယ်. ပြီးရင် ဘလော့ဂ်လောကကြီးကို ဘိုင့်ဘိုင်ဆိုပြီး ထားခဲ့တော့မယ်. ဟတ်ဟတ်…
စတာပါ. မလေး တော်တော်အလုပ်များမှာပဲနော်. တိတ်ကစ်အီးဇီးဗျာ…
Y. Comment by Yan — April 27, 2009 @ 8:18 pm

မဂျှီးရေမြန်မာပြည်က၀က်သားကတော့ဘာမှဖြစ်သေးဘူးမလားဟီးအနော်က၀က်သားကြိုက်တော့
ပုန်းရည်ကြီးနဲ့ဝက်သားချက်ထားတာကိုဒီညစားမလို့ဟီး Comment by ဒေါင်းမင်း — April 27, 2009 @ 11:42 pm

ကမ္ဘာကြီးရဲ့ တန်ပြန်မူက တခုပြီးတခု လာနေသလိုပဲနော်။
Comment by အပြုံးပန်း — April 28, 2009 @ 5:30 am

အဲ… ခုတစ်လောနေ့တိုင်း ၀က်သားပဲစားနေမိတယ်… ကြက်စားရတာညည်းငွေ့လာလို့ဆိုပြီး… ခုချိန်ကစပြီးသတိထားစား ရတော့မယ် :D
Comment by Phu Phu — April 28, 2009 @ 8:24 am

အား………………………………. နေ့လည်ကမှ ၀က်သားကို ပယ်ပယ်နယ်နယ် စားခဲ့တာ
ဒါမျိုးကျ ကိုယ့်အမျိုးတွေကိုယ် သတိမပေးဘူး ……. ဆိုးလိုက်တာနော်……….. ဘယ့်နှယ့်လုပ်မတုန်း
မြန်မာပြည်တော့ မရောက်သေးပါဘူးနော်
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — April 28, 2009 @ 11:59 am

ဒီအကြောင်းတော့ ခုတလော လူပြောများနေတာပဲ။ မြန်မာပြည်များ ရောက်ရင်တော့ ဒုက္ခ။
Comment by ပုံရိပ် — April 28, 2009 @ 6:22 pm

Ma Lay,
Nay kong aung nay naw!
Ma Lay pyaw shwin par zay……
Ain Shin Ma
Comment by lynda — April 29, 2009 @ 4:39 pm

လူတုပ်ကွေးလာရင် ဘာလုပ်ကြမလဲ… :(
Comment by Pinkgold — April 30, 2009 @ 1:14 am

မင်္ဂလာပါ မမ။ နေကောင်းလား၊ ဘာတွေလုပ်နေလည်း မမ မတွေ့တာကြာပေါ့။မမပျော်ရွှင်ပါစေရှင်။
Comment by thumalay — May 1, 2009 @ 8:53 pm

အစ်မ မင်္ဂလာပါ။ ကျွန်တော်ကတော့ဝက်သားမစားဘူးအစ်မ။ အစ်မရေ ရောဂါတွေကလည်းအမျိုးမျိးနဲ့ထူပြောလိုက်တာနော်။ အစ်မရောနေကောင်းလား။ ကျန်းမာပျော်ရွင်ပါစေ။
Comment by tawtharlay: — May 2, 2009 @ 6:35 pm |

အမြဲအားပေးနေပါတယ်ဗျာ
ပျော်ရွှင်ပါစေ
Comment by mg yaw — May 4, 2009 @ 9:17 pm |

ဖေါ်ပြပါဆောင်းဒီဇိုင်းများသည် ကောင်းမွန်ပါသည်
စိတ်ကူးစိတ်သန်းကောင်းမွန်သည်ဖြစ်သောကြောင့် မိမိ၏တိုင်းရင်းသားတစ်ယောက်အနေဖြင်းဂုဏ်ပြုချီးကျူးပါသည်
ကျေးဇူးတင်စွာဖြင့်
ခေတ္တဘန်ကောက်
Comment by ကိုမာန်ထက် — May 4, 2009 @ 9:30 pm

လာလည်သူ စာရေးဖော်စာဖတ်ဖော် မောင်နှမများအားလုံးပဲ မင်္ဂလာပါ။ မကြာခင် ပိုစ်အသစ်တင်ဖြစ်မယ်ထင်ပါတယ်… လောလောဆယ်တော့ ရှားရှားပါးပါးနေရောင်အောက်မှာ လိပ်တွေ၊ဖားတွေ၊ဗျိုင်းတွေ၊ငါးတွေကို လိုက်ချောင်းနေပါတယ်။.. ကွန်ပြူတာရှေ့ မကြာခင်ပြန်လာပါမယ်..
Comment by မလေး — May 5, 2009 @ 12:09 am

စဝိုင်းဖလူ အတွက် ပို့  တွေ ရေးထားပါတယ်။ အချိန်ရရင် စိတ်ဝင်စားရင် လာဖတ်စေချင်ပါတယ်။
http://saundoo.blogspot.com/2009/04/swine-flu_1896.html
http://saundoo.blogspot.com/2009/04/swine-flu-should-do-and-shouldnt.html
ttp://saundoo.blogspot.com/2009/05/swine-flu_5314.html
ကျေးဇူးတင်ပါသည်။
Comment by ဆောင်း — May 7, 2009 @ 2:40 am

ဝက်နှာစေးရောဂါနဲ့ ပတ်သက်တဲ့ ပို့ စ်တင်ထားပါတယ်။ စိတ်ဝင်စားရင် လာဖတ်စေချင်ပါတယ်။
http://saundoo.blogspot.com/2009/04/swine-flu_1896.html
http://saundoo.blogspot.com/2009/04/swine-flu-should-do-and-shouldnt.html
http://saundoo.blogspot.com/2009/05/swine-flu_5314.html
ကျေးဇူးတင်ပါတယ်
Comment by ဆောင်း — May 7, 2009 @ 2:48 am

ကော်မဲန် ပေးလို့ မရပါလား
Comment by ဆောင်း — May 7, 2009 @ 2:50 am

Thank you
Good Luck!
Comment by ko hein — May 7, 2009 @ 8:58 am

ဆောင်း.. လင်ခ့်တွေပေးသွားတာ ကျေးဇူးညီမ၊ ညီမကော့မန့် spam ထဲရောက်နေလို့ အမပြန်တင်ထားပေးပါတယ်။
ko hein .. ကျေးဇူးပါ ကိုဟိန်း
Comment by မလေး — May 7, 2009 @ 2:27 pm

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Sunday, April 26, 2009

နွေဦးရောဂါ

gazebo.jpg


ခုတလောတစ်ကယ်ကို ရောဂါထပြီး နွေဦးနဲ့ပတ်သက်တာတွေချည်းပဲရေးနေမိတာ ဒီနှစ်ဆောင်းက အရင်နှစ်တွေထက် ပိုပြီးကြမ်းတမ်းနေခဲ့လို့ပါပဲ။ အခု တင်မယ့်ပုံတွေကို ဆောင်းရာသီကြမ်းကြမ်းကို ကျော်ဖြတ်ပြီးတဲ့ သူများကတော့ နားလည်ပါလိမ့်မယ်။ ကယ်လီဖိုးနီးယားလို၊ စင်္ကာပူလို၊ မလေးရှားလို၊ မြန်မာပြည်လို လှပတဲ့ နေရောင်ခြည်နဲ့ နီးစပ်သူတွေကတော့ ဒီပုံတွေ အိမ့်ချမ်းမြေ့ ဘာကြောင့်တင်လဲကို နားလည်မယ်တော့ မထင်ဘူး သာမန်နေသာတဲ့ ထူးမခြားနား နေ့တစ်နေ့ပဲလေလို့ ကောက်ချက်ချမိမယ်ထင်ပါတယ်။


ရှားရှားပါးပါးနေရောင်နွေးနွေးက အပြင်မှာတောက်လက်နေတဲ့ နေ့လည်ခင်းတစ်ခုမှာ၊ ရုံးထဲက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ဒေါက်မြင့်တွေချွတ် လမ်းလျှောက်ဖိနပ်တွေပြောင်းစီးပြီး ပျောက်ပျောက်သွားကြတယ်။ ကျမလဲ အလုပ်လုပ်ရင်း ကျန်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို "ဗီတာမင် ဒီ" သွားထုတ်လိုက်ဦးမယ်လို့ ပြောပြီး ကင်မရာကိုကိုင်လို့ လမ်းလျှောက်ထွက်လာခဲ့တယ်။ ဒီနှစ်ဆောင်းက အရင်နှစ်တွေကထက် တော်တော်လေး ကြမ်းတယ်။ ခြံထဲက ကျမရဲ့ အုန်းပင်ပု နှစ်ပင်လုံးသေသွားပြီး ကျန်တဲ့အပင်တွေလဲ တော်တော်ပျက်စီးသွားတယ်။ လူတွေလဲ အရမ်းဖျားနာတာပြီး တရှောင်ရှောင် ဖြစ်နေကြတော့ အကုန်လုံးက ဒီဆောင်းကို တော်တော်လေး စိတ်ပျက်နေကြပြီ။ ခုလိုနေရောင်ထွက်လာတော့ ဆောင်းရာသီမှာ အိပ်မောကျပြီး နိုးထလာတဲ့ ဂရစ်ဇလီဝက်ဝံ grizzly black bear တွေလို အလျှိုအလျှို နေရောင်အောက်ကို ထွက်လာကြတယ်။


ဒီကိုရောက်ခါစကတုန်းက နေရောင်တောက်လက်တဲ့နေ့တွေဆိုရင် ဒီမှာရောက်နှင့်ပြီး မြန်မာတွေအပါအ၀င် အကုန်လုံးက "Oh... what a beautiful day!" တို့ "သိပ်ကိုသာယာတဲ့နေ့ပဲနော်.". တို့ပြောရင် သူတို့ဘာကိုဆိုလိုနေမှန်း မသိခဲ့ဘူး။ အထူးသဖြင့် မြန်မာတွေပြောရင် စိတ်ထဲကနေ.. "ဟွန်း ..သိပ်ပိုပြီး သိပ်ကို ဗိုလ်ဆန်ချင်ကြတာပါပဲလား" ဆိုပြီး တွေးခဲ့မိတယ်။ အခုတော့ ကောင်းကင်ပြာကြီးရဲ့တန်ဖိုး၊ ကောင်းကင်ပြာကြီးမှာ တိမ်ဖြူတွေအဆုပ်လိုက်ရွေ့နေတဲ့ တန်ဘိုး၊ နေရောင်က ကိုယ့်အသားပေါ်ထိနေတဲ့တန်ဖိုး၊ လေပြေနွေးနွေးလေးတွေ ဆံပင်ထဲတိုးဝင်သွားတဲ့တန်ဘိုး၊ ကော်ဖီဆိုင်အပြင်ဘက်ကခုံမှာ နေရောင်ခံရင်း မိုကာပူပူလေးသောက်ရတဲ့တန်ဘိုးတွေကို နားလည်လာခဲ့ပြီ။ ဒါတောင် ဗင်ကူးဗားမြို့ဟာ ကနေဒါမှာ ရာသီဥတုအကောင်းဆုံး (စနိုးကျတာအနည်းဆုံး၊ အအေးအပေါ့ဆုံး) လို့ ဆိုလို့ရတဲ့ မြို့ပါပဲ။ ကျန်တဲ့မြို့တွေဆို စဉ်းစားသာကြည့်ကြပါတော့။ ကနေဒါအရှေ့ပိုင်းမြို့အချို့ကတော့ အပူအအေးပြင်းထန်တယ်၊ နွေဆိုလဲ ဗင်ကူးဗားထက် ပိုပူတယ်လို့ သိရပါတယ်။


ဒီလိုနေ့တွေဆို လူတွေက နေ့လည်စာကို စိမ်ပြေနပြေမစားတော့ဘဲ မြန်မြန်ဆန်ဆန်စားပြီး လမ်းထွက်လျှောက်ဖို့ကို ပိုအားသန်ကြတယ်။ ကျမ မြို့ပြကို သိပ်မနှစ်သက်တော့ ရုံးတွေကြားမှာ ဖောက်ထားတဲ့ တောလမ်းလေးအတိုင်း လမ်းလျှောက်ထွက်ဖို့ ရုံးဘေးပေါက်ကနေ အောက်ဆင်းလာပြီး နွေဦးမှတ်တမ်း လိုက်တင်မိတော့တာပါပဲ။


အပေါ်ကပုံကတော့ ရုံးမှာဆေးလိပ်သောက်တတ်သူတွေအတွက် ရုံးဘေးမှာဆောက်ထားပေးတဲ့ တဲလေးပါ။ အဲဒီနားကဖြတ်သွားရင် ဆေးလိပ်နံ့တွေ လှိုင်ထနေတာပါပဲ။ တဲလေးဘေးမှာတော့ ခရိုးကပ်စ်နဲ့ ဒက်ဖိုဒေး ပန်းလေးတွေ ပွင့်နေပြီ။ Japanese Maple ကတော့ အဖုးနီနီလေးတွေ စထွက်နေပါပြီ။ တဲလေးပတ်ပတ်လည်က ထင်းရှုးပင်တွေကတော့ တစ်နှစ်ပတ်လုံး အခုလိုပဲအမြဲစိမ်းစိုနေတာပါပဲ။ မြင်နေရတဲ့ကားကတော့ တရားမ၀င်ရပ်ထားတာ.. အဲဒီနားတစ်ဝိုက်မှာက ရုံးကားတွေပဲရပ်ရတာကို တစ်ယောက်ယောက် လူလည်ကျပြီး ခိုးရပ်ထားတာပဲဖြစ်မယ်။ အဲဒီတဲလေးထဲမှာ နေ့လည်ဆို ရုံးထဲက အဘိုးကြီးတစ်ယောက်လဲ တစ်ခါတစ်ခါ တယောတီးရင်း ထိုင်နေတတ်တယ်။



lane1.jpg


ဒါကတော့ ရုံးတွေကြားထဲမှာ ကွေ့ဝိုက်ပြီး ဖောက်ထားတဲ့ တောလမ်းလေးရဲ့ တစ်နေရာပါ။ အဲဒီလမ်းလေးဘေးမှာ Mac Donald's Restaurant ငှာနချုပ်ရှိပါတယ်။ စကားမစပ် အဲဒီမှာ အလုပ်လုပ်တဲ့ စာရင်းကိုင် အသိတစ်ယောက်ပြောတာ Mac Donald's Restaurant ရဲ့ အဓိက ၀င်ငွေဟာ အသားညှပ်ပေါင်မုန့်တွေအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ ကလေးအရုပ်တွေအပေါ်မှာ မူတည်နေတယ်၊ အဓိက revenue က အဲဒီက၊ သူတို့ရဲ့ Marketing Strategy တွေထဲကတစ်ခုလို့ (သူငယ်ချင်းအချင်းချင်းပြောပြတဲ့သဘောပါ၊ တရားဝင်စာရင်းမဟုတ်ပါဘူး) သူကဆိုပါတယ်။



lane.jpg


ဒီလိုနဲ့ တောလမ်းလေးအတိုင်း လမ်းလျှောက်လာခဲ့တယ်။ လေတွေက ကျွတ်ဆတ်နေတယ်။ ငှက်ကလေးတွေကတေးသီနေတယ်။ ကဗျာဆရာတွေဆို ကဗျာတွေ ထွက်ကျလာမှာ သေချာပါတယ်း))



ducks.gif


အပေါ်ကပုံကတော့ တောလမ်းလေးဘေးက သဘာဝစမ်းချောင်းလေးပါ။ စမ်းချောင်းထဲမှာ ဘဲထီးနဲ့ဘဲမ ရေကူးနေကြတယ်။ ဒီ Industrial Park မှာ အဆောက်အဦးသစ်တွေဟာ နှစ်စဉ်တိုးတိုးလာပေမယ့် ဒီသဘာဝ စမ်းချောင်းလေးနဲ့တောလမ်းလေးကို သဘာဝအတိုင်း မထိဘဲ ထားကြပါတယ်။



leaves-copy.jpg


ဒါကတော့ ရေကူးနေတဲ့ ဘဲနှစ်ကောင်ကို နောက်ခံထားပြီး ပုရစ်ဖူးလေးတွေကို ရိုက်တားတာပါ။


ducks2.jpg


ဒါကတော့ ခုနဘဲလေး ကမ်းပေါ်တက်တာကို စောင့်ပြီး နေစာလှုံနေတာကို လိုက်ရိုက်ထားတာပါ။


cherry.jpg


အပေါ်ကတော့ နေရောင်အောက်က ပန်းရောင်ချယ်ရီတွေပါပဲ။ ဒီမြို့မှာ ပန်းပွင့်ရင် လှသလောက် ဟတ်ချိုးချေရတာ သိပ်တော့မလွယ်ပါဘူး။ ပန်းတွေက ပွင့်မယ့်ပွင့်ရင် အကုန်တစ်ပြိုင်နက်နီးပါးပွင့်တော့ ၀တ်မှုန်တွေက လေထဲမှာ အစုအပြုံလိုက်လွင့်လာတယ်။ မျက်စိနဲ့တောင်မြင်ရတယ်။ ပြောရင်းကြက်သီးတောင် ထလာမိတယ်။ ထူးဆန်းတာက ၀တ်မှုန်တွေ မလွင့်ခင် နှစ်ရက်လောက်ကတည်းက ခန္ဒာကိုယ်က စပြီး ဖောက်နေပါပြီ၊ နှာခေါင်းယား၊ လည်ချောင်းတွေကယား၊ မျက်လုံးတွေကစပ်။ ငလျှင်မလှုပ်ခင်ကတည်းက ကင်းမလက်မဲတွေက သိနေသလို၊ ကိုယ်က သိနေပြီ။ အဲလို ယားဒုက္ခခံရပြီး တစ်ရက်နှစ်ရက်ဆိုတာနဲ့ မြင်ရပါပြီ။ ၀တ်မှုန်တွေ လွင့်လာတာ။ အဲလိုအချိန်ဆို ကိုမွန်းအောင်ရဲ့ ၀တ်မှုန်သီချင်း တစ်ယောက်ယောက်က ထဖွင့်လို့ကတော့ ....


cherry2.jpg


cherry3.jpg


ရောက်ခါစမှာ ကျမတို့လို မြန်မာနိုင်ငံကနေ ရောက်လာသူတွေတွေရဲ့ ကိုယ်ခံစွမ်းအားဟာ တော်တော်လေးမြင့်ပါတယ်။ ဖုန်တောထဲ ဆော့ခဲ့တာပဲ ဖုန်ကို အလာဂျီဖြစ်တာတို့ ပန်းဝတ်မှုန်ကို အလာဂျီဖြစ်တာတို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ dust mite တို့ဘာတို့ဆို ကြားတောင်မကြားဖူးပါဘူး။ ဒါပေမယ့် သုံးလေးငါးနှစ်ကြာလာပြီဆိုရင် ကိုယ်ခံစွမ်းအင်က ကျကျလာပါတယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုကတော့ ပုဇွန်တွေဈေးပေါတဲ့ မြန်မာပြည်တုန်းကတော့ ပုဇွန်ကိုစားမိရင် ကျမတို့ ညီအစ်မတွေအားလုံး plunking ပါပဲ။ ဘယ်လိုမှ စားလို့မရဘူး။ ဖြစ်ချင်တော့ ပုဇွန်ကို အလာဂျီဖြစ်တဲ့ အဲဒီညီအစ်မအုပ်စု တစ်စုလုံး တိုက်တိုက်ဆိုင်ဆိုင် တစ်ယောက်ပြီးတစ်ယောက် ဒီကို ရောက်လာခဲ့တယ်။ အဲသလို seafood ဈေးကြီးတဲ့ တိုင်းပြည်ရောက်လာကြသော ကျမတို့ညီအစ်မတွေဟာ ဒီနိုင်ငံကိုခြေထောက်ချပြီးကတည်းက ပုဇွန်တွေကို ဘယ်လောက်စားစား အလာဂျီ မဖြစ်တော့ပါဘူးရှင်။ ပန်းအကြောင်းပြောရင်း ပုဇွန်အကြောင်းရောက်ဘယ်လိုရောက်သွားလဲမသိ။


အဲ.. အဲလို.. ပန်းတွေကလဲ ပွင့်ပြီဆိုရင် တစ်မြို့လုံးတစ်ပြိုက်နက်ပွင့်တာ ၀တ်မှုန်အလာဂျီဆေးတွေ အလွန်ရောင်းကောင်းပါတယ်။ မသောက်လို့လဲ မရဘူးလေ... ကြည့်တော့သာ ၀တ်မှုန်လေးတွေ၊ နူးနူးညံ့ညံ့၊ လှလှပပလေးတွေ။ ဘယ်လိုနှုးညံ့တာ၊ မွှေးတာလို့ ဘယ်သူတွေ တင်စားတင်စား၊ အိမ့်ချမ်းမြေ့ ၀တ်မှုန်ကို မမုန်းပေမယ့် မချစ်တာတော့ အမှန်ပဲ.. အောက်ကပုံကိုသာကြည့်ကြပါ.. ဘယ်လိုမှလဲ ချစ်နိုင်စရာမရှိပါဘူး။


pollen.jpg

pollen2.jpg


ဟုတ်ကဲ့။ အဲဒါ သိကြတဲ့အတိုင်း ၀တ်မှုန်ပါပဲ။ ကြည့်ရင်းနဲ့တောင် ဟတ်ချိုးချေချင်လာပါတယ်။ အဲဒီပုံတွေကတော့ ဂူဂဲလ်က ယူပြတာပါ။ အဲဒီတော့ အောက်ကဆေးကို ကျမ သောက်ရပါတယ်။


claritin_10718_4_big_.jpg


တချို့တွေဆို ဒီလိုသာယာတဲ့ ရာသီကို မခံစားနိုင်လောက်အောင်ကို severe allergic reaction တွေရပါတယ်။ နှာခေါင်းထဲကို ဆေးထဲ့ရတယ်။ အချို့ဆို ဆေးတောင်ထိုးရပါတယ်။ အခုလို သာယာလှပတဲ့ နွေဦးရောက်ပြီဆိုရင် ဒီမြို့ကလူတွေဟာ နေရောင်ကိုချစ်တဲ့ရောဂါ၊ ပန်းတွေကိုချစ်တဲ့ရောဂါအပြင် အဲသလို နှာခေါင်းရောဂါများကို ခံစားရင်း နွေရာသီကို ပျော်ပျော်ကြီး ဆက်လက်ကြိုဆိုလေ့ရှိကြတာပါပဲရှင်...။


အားလုံးကို ခင်မင်လျှက်...

hut1.png



Comments from AinChannMyay.com


မအိမ့်ချမ်းမြေ့ရေ
ကနေဒါရဲ့နွေဦးရာသီ အကြောင်းလာဖတ်ပြီး ဓါတ်ပုံလေးတွေကို ခံစားကြည့်ရှုသွားပါတယ်ခင်ဗျာ..
Good Luck..
Comment by ThihaThit — April 26, 2009 @ 2:05 am

မမအိမ့်ရေ… ဒီက စင်္ကာပူမှာကျတော့ နေရောင်မရှားပေမယ့် မမအိမ့်ဓာတ်ပုံထဲကလို တောလမ်းလေးတွေ စမ်းချောင်းလေးတွေလို တကယ့် သဘာဝအလှလေးတွေ တွေ့နိုင်မယ့်နေရာကျတော့ ရှားပြန်ရော။ ဓာတ်ပုံထဲမှာ မြို့လေးက တကယ်ကို နေချင်စဖွယ်လေးပါပဲ။ နေရောင်ခြည်ကို တောင့်တမိတဲ့ ခံစားချက်ကိုတော့ နေရောင်သိပ်မရှိတဲ့ နိုင်ငံတစ်ခုမှာနေဖူးတုန်းက ခံစားဖူးလို့ ကိုယ်ချင်းစာမိပါတယ်။ Allergy ကတော့ ဆေးကြိုသောက်ထားတော့ အခုမဆိုးဘူး မဟုတ်လား။ Take care ပါနော် အစ်မ။
Comment by ရွှေပြည်သူ — April 26, 2009 @ 2:14 am

အစ်မရေ ကြည့်လိုက်တိုင်းလှနေတာချည်းဘဲ…။ နွေရောက်ပြီပေါ့…..။ တစ်နေ့တော့ ဗင်ကူဗားကိုလာလည်ပါအုံးမယ်…… ။ ကျောင်းမှာတောင် ဟိုတစ်ရက်က အဲဒီက အကြောင်း.. ကျောင်းဆက်တက်နိုင်တဲ့အကြောင်းတွေ လာပြောသွားသေးတယ်။
Comment by Phyo Evergreen — April 26, 2009 @ 2:35 am

ဗင်ကူဗားရဲ့ နွေဦးကို ခံစားသွားပါတယ်ဗျာ
Comment by နေညိုရင့် — April 26, 2009 @ 5:08 am

စိတ်ဝင်စားစရာနွေဦးပဲနော်၊
ပန်းဝတ်မူန်တွေက အဲဒီလို ဆိုးစေတာလား၊ ဆေးတောင်သောက်ရတယ်နော်။
သာယာတော့ အတော်သာယာသားနော်၊
Comment by အပြုံးပန်း — April 26, 2009 @ 6:44 am

မလေးရေ…… ချယ်ရီတွေကို ချစ်ခဲ့သလို စိန်ပန်းပြာတွေကိုကိုချစ်တဲ့ ကျားတစ်ကောင်တောင် ဒေါင်းသေချောင်းရဲ့ ရိုးအီနေတဲ့ရှုခင်းတွေကနေ ကနေဒါမြင်ကွင်း၊ရှုခင်းတွေကို မြင်ဖူးချင်လာတယ် …
Comment by ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား — April 26, 2009 @ 12:09 pm

မင်္ဂလာနံနက်ခင်းပါမမ၊ စမ်းချောင်းလေးဘေးမှာလမ်းလိုက်လျှောက်ချင်တယ်။ ခေါ်ပါ…:)
Comment by thumalay — April 26, 2009 @ 7:51 pm

မလေးရေ .. မအားလို့မရောက်တာ ကြာသွားပြီ။ တစ်နေရာနဲ့ တစ်နေရာ၊ မတူညီတဲ့ သဘာဝကပေးတဲ့ တန်ဘိုးရှိတဲ့ အရာတွေဆိုတာ ဒါမျိုးလေးတွေပေါ့နော်။ နွေဦးနဲ့ အတူပျော်ရွှင်နိုင်ပါစေ။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြန် — April 26, 2009 @ 8:02 pm

ရာသီဥတုကြမ်းတဲ့နေရာမှာမို့ မလေးပြောတာ သဘောပေါက်တယ်။
နေသာနေတာ..ပန်းလေးတွေပွင့်နေတာ..တန်ဖိုးရှိတယ်နော်။
Comment by mm — April 26, 2009 @ 8:03 pm

ရာသီဥတုကဒီလောက်သာယာတာ အပြင်မထွက်ပဲတော့မနေနိုင်ပါဘူး။
နှာခေါင်းလေးကို mask လေးနဲ့ အုပ်ပြီးသွားမယ်ဆိုရင်ကော။ ဟိ။
ပျော်ရွင်ပါစေ။
Comment by ကြည် — April 26, 2009 @ 8:29 pm

ညီမလေးရေ… သင်္ကြန်ပုံတွေက လားရှိုးက ပုံတွေလေ… ဘာတွေလုပ်နေလဲ သတိရနေပါတယ်။
Comment by ယမင်း — April 26, 2009 @ 8:31 pm

ThihaThit … ဝေမျှခံစားသွားလို့ ကျေးဇူးပါ..း)
ရွှေပြည်သူ.. မလေး အချို့နှစ်တွေဆို နှာခေါင်းထဲ ဆေးထည့်ရတဲ့ အဆင့်ရောက်နေပြီ ညီမလေးရေ့ .. :P
Phyo Evergreen … လာခဲ့မောင်လေး.. လိုက်ပို့ပေးမယ်.. ကျောင်းလာတက်တယ်ဆိုရင်တော့ ကိုဖြိုးတွက်အကောင်းဆုံးဖြစ်မှာပါပဲ..
နေညိုရင့် … ဟိုမှာတော့ အမြဲနေသာမယ်ထင်တယ်နော်..
အပြုံးပန်း .. ချယ်ရီတွေက လှသလောက်ကြည့်မိတိုင်း မလေးတော့ ကြက်သီးထမိတယ်..
ဒေါင်းသေချောင်းမှာ ပျော်သည့် ကျား .. မလေး စိန်ပန်းပြာတော့ ခုထိ မမြင်ဖူးသေးဘူး
thumalay... ခေါ်တယ်ညီမ.. အဲဒီစမ်းချောင်းလေးတလျှောက် ခုံတန်းလေးတွေတောင်ရှိသေးတယ်း)
မေတ္တာရောင်ပြန် ..ဟုတ်တယ်ညီမရေ.. မလေးတော့ နေသာတဲ့ရက်တွေကို တန်ဘိုးထားတတ်နေပြီ
mm... ဒီနှစ်နွေတော့ တကယ်ကို ခံစားပစ်လိုက်တော့မယ်..း))
ကြည်.. ကြည့်အကြံမဆိုးဘူး။ လူတွေက မိုက်ကယ်ဂျက်ဆင်နဲ့ မှားနေမှာပဲ စိုးတာ .. အဟွန်း
ယမင်း .. အဲဒီပုံတွေ ဟောတ်တယ်နော မ..
Comment by မလေး — April 26, 2009 @ 10:59 pm

ဒီမှာတော့ အရမ်းကို ပူနေပြီး ဒါပေမယ့် မဲဆောက်လည်း တောင်တွေနဲ့ ကပ်လျှက် ပြီးတော့ မြစ်လေးလည်းရှိတော့ ရာသီဥတုက ထင်သလောက်မဆိုးပါဘူး နွေလမ်းကလေးတွေက ချစ်စရာ ။
Comment by မောင်မျိုး — April 27, 2009 @ 7:44 pm

ကနေဒါရဲ့ နွေဦးရာသီကို ခံစားသွားပါတယ်။ ဓာတ်ပုံလေးတွေ အရမ်းလှတယ်။း)
ပျော်ရွှင်ပါစေ..
မိုးနေ
Comment by မိုးနေ — April 28, 2009 @ 9:48 am

ပုံတွေ မိုက်တယ် မလေးရေ..
Comment by Pinkgold — May 2, 2009 @ 10:27 pm

flower i will ……..
Comment by mg phyo thet aung — May 6, 2009 @ 5:38 am

i want to type myanmar font.
but really i don’t know how to type….
Comment by mg phyo thet aung — May 6, 2009 @ 5:42 am

အမရေ..ပုံလေးတွေလှလွန်းလို့ နွေဦးလေးရဲ့ အလှကို ခံစားသွားပါတယ်…အမစာတွေ အချိန်ရပြီး အခွင့်သင့်တဲ့အခါအတိုင်းဖတ်ဖြစ်ပေမယ့် ကွန်းမန့် မပေးဖြစ်ပါ..စုဘူးမှာတော့ အမနဲ့ တခါဆုံဖူးပါတယ်…စုဘူးလဲ ဖွင့်လို့ခက်တာကြာပေါ့..
Comment by moepyar — May 27, 2009 @ 12:35 am

ဆက်ဖတ်ရန်...

0 ရင်ခတ်သံများ:

Wednesday, April 22, 2009

ကမ္ဘာမြေကြီးရဲ့မွေးနေ့

earthday2005.jpg
ဒီနေ့ ..၂၂ရက်နေ့
လေပြေတွေ သင်းပျံ့တဲ့နေ့
ချယ်ရီပွင့်တွေ မြေပြင်ပေါ်မှာ ပန်းရောင်သန်းနေတဲ့နေ့ …

နွေဦးရာသီမို့ ပရစ်ဖူးတွေထွက်စ သစ်ပင်ကြီးငယ်တွေပေါ်မှာ
ငှက်ကလေးတွေ တေးသီလာကြတယ်….
Coyote တွေ ခြုံကြားထဲက တိုးထွက်လာတယ်။
မြက်ခင်းတွေပေါ်မှာ Canadian geese တွေ …..
ရေကန်စပ် ကျောက်တုံးတွေပေါ်မှာ လိပ်ကလေးတွေ….
ကောက်ရိုးမျှင်တွေကြားမှာ အရောင်ရင့်ရင့် Beaver လေးတွေ…
နေစာကို အပြေးအလွှားလှုံလာကြတယ်။

ကမ္ဘာကြီးရဲ့ အလှကို ခံစားဖို့
မြင့်မြတ်တဲ့ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ဖို့
လတစ်လရဲ့ ၂၂ ရက်နေ့မှာ…
ငှက်ကလေးအချို့နဲ့အတူ
ဘဲငန်းလေးအချို့နဲ့အတူ
ကြက်ဝါလေးတစ်ကောင်နဲ့အတူ
ခရေစေ့လေးတစ်စေ့နဲ့အတူ
ကြာပန်းလေးတစ်ပွင့်နဲ့အတူ
ကိုယ်လဲ… မွေးဖွားလာခဲ့တယ်။

လေပြေဟာ ကမ္ဘာရဲ့ သည်ဘက်ခြမ်းမှာ ကျွတ်ဆတ်အေးခဲနေတယ်
ကမ္ဘာရဲ့ ဟိုးဘက်ခြမ်းမှာတော့ ပူနွေးစွတ်စိုနေတယ်။
အဆုတ်တွေက ကျွတ်ဆတ်အေးခဲ
ပူနွေးဆဲ လေတွေကို သယ်ဆောင်ထားကြတယ်။
ကြမ်းရှရှ မီးခိုးနံ့တွေ သင်းပျံ့တဲ့ လေ တွေလား
အဆိပ်ငွေ့တွေ ပြည့်နေတဲ့ လေ တွေလား
ဆီကြော်နံ့တွေ ဝေ့၀ဲနေတဲ့ လေ တွေလား
သယ်ဆောင်ထားတဲ့ အဆုတ်တွေသာ သိလိမ့်မှာမို့
တိတ်တဆိတ်ခေါင်းငုံ့လို့ .... လတ်ဆတ်တဲ့လေပြေကို တောင့်တ
အဆုတ်ပွတို့ ငိုငြီးသံကိုကြားလိုက်တယ်…

ခပ်ဝေးဝေးက လူတွေ ခြေမချဖူးတဲ့ ကမ်းစပ်လေးတစ်ခုကတော့ ကြည်လင်စွာပြုံးနေတယ်…
ဘယ်သူမှ ဖြတ်မလျှောက်ဖူးတဲ့ တောအုပ်လေးတစ်အုပ်က လွတ်လပ်စွာ စိမ်းစိုနေတယ်…
ကွန်ကရစ်မိုးမျှော်တိုက်တွေနဲ့ ဝေးတဲ့ မြေကွက်လပ်တွေမှာတော့...
အီကိုစနစ်ထဲက မမြင်နိုင်တဲ့ သေးငယ်တဲ့အကောင်လေးတွေ ကလေးတသိုက်နဲ့ အိမ်ရာထူထောင်နေတယ်…


ကမ္ဘာကြီးကတော့ သူ့ရဲ့ မွေးနေ့မှာ….
ကြားဖူးနားဝ လူနီခါရီးလူမျိုးစုတစ်စုရဲ့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းနေတယ်…
“နောက်ဆုံးသစ်တစ်ပင် သေဆုံးသွားတဲ့နေ့
နောက်ဆုံးကျန်ရစ်တဲ့ မြစ်တစ်စင်း အဆိပ်ခတ်ခံရတဲ့နေ့
နောက်ဆုံးကျန်တဲ့ တစ်ကောင်တည်းသောငါး ဖမ်းဆီးခံရတဲ့နေ့မှာ
ငွေချပ်တွေဟာ စားလို့ရတဲ့ အရာတွေ မဟုတ်ကြောင်း …
လူသားတွေ နောက်ကျလွန်းစွာ သိသွားကြလိမ့်မယ်…”

hut1.png


ပုံကို ဂူဂဲလ်မှ ရရှိပါသည်။

Comments from ainchannmyay.com


အစ်မရေ အသိနောက်မကျချင်ဘူး….
Comment by Phyo Evergreen — April 22, 2009 @ 9:04 pm


မလေးရေ. အလည်ရောက်ပါတယ်နော်။ အဓိပ္ပါယ် နက်နဲ့တဲ့ ဒီကဗျာလေးကို ဘယ်လိုပြောရမှန်တောင်မသိပါဘူ။ ကမ္ဘာကြီးအတွက် ကျေးဇူးတင်ပါတယ်။
ရောင်ပြန့် ကဗျာလေးတွေကိုလည်း အချိန်ပေးပြီး လာရောက်ခံစားပေးလို့ ကျေးဇူးတင်ပါတယ်နော်။
ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်
Comment by မေတ္တာရောင်ပြတ် — April 22, 2009 @ 9:40 pm

မြေကမ္ဘာနေ့မှာပေးတဲ့ .သင်ခန်းစာတစ်ခုလေလား ?????
Comment by ဒေါင်းသေချောင်းမှာပျော်သည့် ကျား — April 22, 2009 @ 11:52 pm

သိသလိုလိုဖြစ်နေတာတော့ကြာပြီး သိပေမယ့် မသိဟန်ဆောင်ရတဲ့ အရာတွေထဲ ငွေချပ်တွေက ထိပ်ဆုံးကပေါ့ ။
Comment by မောင်မျိုး — April 23, 2009 @ 12:46 am

ခုချိန်မှာတော့ ငွေချပ်တွေဟာ စားလို့မရတဲ့ အရာဆိုတာသိပေမဲ့ အဲဒီငွေချပ&#